
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ မေခမြစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေ ၃၀ မှ ၃၁ ရက် နှစ်ရက်အတွင်း မေခမြစ်ရေ ရုတ်တရက်မြင့်လာသဖြင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံရာနှင့်ချီ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီမြစ်အထက်ပိုင်းရှိ မေခမြစ်၊ မလိခမြစ်တို့တွင်မြစ် ရေမြင့်တက်နေပြီး လက်ရှိဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၁၀၈၃ စင်တီမီတာရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၂၈၁ စင်တီမီတာတိုးနိုင်သဖြင့် စိုးရိမ်ရမှတ်ထက်ကျော်လွန်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇွန် ၁ ရက်နံနက်ပိုင်းက ထုတ်ပြန်သည်။
” မေ ၃၀ ရက်နေ့ကစပြီးတော့ မေခမြစ် ရေတက်လာတာ။ နည်းနည်းပဲတက်လာကနေ ၃၁ ရက်နေ့မှ ပိုမြန်မြန်လာတယ်။ ပိုးဆိုးလာတယ်။ အခုရေလွှမ်းတဲ့နေရာက ဒေသခံ တွေ ပြောင်းရွေ့နေကြတယ်။ မနှစ်ကထက် ဒီနှစ်ရေတက်တာမြန်တယ်။ ဘာမှသိမ်းလိုက်ချိန်မရဘူး” ဟု ချီဖွေမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချီဖွေမြို့နယ်ရှိ ရေလွှမ်းမိုးရာ နေရာတွင် စစ်ဘေးရှောင်များနှင့် ရာချီသောအိမ်ထောင်စုများ နေထိုင်ပြီး ရေတက်မြန်သောကြောင့် ပစ္စည်းသိမ်းချိန်ပင်မရပဲ ပစ္စည်းများမျောပါသွားကာ အဝတ်အစားများပင် အကုန်ပါသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင် ပူတာအိုမြို့နယ် မလိခမြစ်ရေတက်မှုကြောင့် မူလာရှီးဒီးကြိုးတံတားနားထိရေရောက်နေပြီး အခြားနေရာများတွင်လည်း ရေလွှမ်းမိုးမှုများနေ ကြောင်း သိရသည်။
ဧရာဝတီမြစ်အထက်ပိုင်းရှိ မေခနှင့် မလိခမြစ် ရေများသည်မြစ်နှစ်ခုပေါင်းဆုံကာ ဧရာဝတီမြစ်ထဲသို့ စီးဝင်သောကြောင့် မြစ်ကြီးနားမြို့အပါအဝင် မြို့များ မြစ်ရေတက်မှုဘးအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – johnwu lumjhid ၊ ပုလဲ
ပုံစာ – ချီဖွေမြို့မြစ်ရေတက်၊ မြစ်ကြီးနားမြို့မြစ်ရေတက်နေစဥ်မြင်ကွင်း။
#မေခမြစ် #မလိခမြစ်ရေတက် #ချီဖွေ #ပူတာအို
#ဧရာဝတီမြစ်ရေတက် #Ayeyarwaddy_Times