
တိုက်ပွဲများမှာ တရုတ်ဂတ်စ်ပိုက်လိုင်းအနီး မီတာ ၆၀၀၀ အကွာအဝေးတွင်ဖြစ်ပွားနေခြင်းဖြစ်
ဧရာဝတီတိုင်းမ်
မေ ၃၁ရက်
ကျောက်ဖြူတိုက်ပွဲမှာ နေ့စဉ်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း တိုင်းစစ်ဦးစီးမှူးနှင့်အဖွဲ့ကို အာရက္ခတပ် (AA) က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၃၀ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်မှ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်ကို အခြားစစ်သုံ့ပန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကနေ့စဉ်ပြင်းထန်နေတယ်။ မနေ့ကဆို တနေ့လုံး ရာသီဥတုကပြင်းထန်နေပြီး စစ်တပ်ဘက်က ဒရုန်းတွေရော၊ လေယာဉ်တွေရော လာပေမယ့် အလုပ်မဖြစ်ဘူး။ စစ်တပ်ဘက်က အတော် များများသေပြီး လက်ရဖမ်းမိလိုက်တာတွေရှိပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျောက်ဖြူမြို့နယ် မင်းတက်တောင်အနီးတိုက်ပွဲပြင်းထန်နေခဲ့ပြီး စက်မှုလက်မှုသင်တန်းကျောင်းအတွင်းအခြေပြုနေသော စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်ထွက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ယခုအခါတွင် တိုက်ပွဲများမှာ တရုတ်ဂတ်စ်ပိုက်လိုင်းအနီး မီတာ ၆၀၀၀ အကွာအဝေးတွင်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များလက်နက်ချအညံ့ခံမှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၂၆ရက်နေ့ကလည်း စစ်ကောင် စီ၏ တပ်မ (၁၁) ခြေမြန်ဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်မှာ AA၏ စနိုက်ပါကျည်ထိမှန်သေဆုံးခဲ့သည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်သေဆုံးပြီး AAက လက်နက်များကိုပါ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲမှာ ကျောက်ဖြူ အမှတ် (၃၂) ရဲတပ်ရင်းအနီး ပြိုင်စေ့ကေ ကျေးရွာအနီးထိရောက်ရှိလာပြီး နှမ်းဖဲတောင်ရှိ ကာကင်းစခန်းအားလုံးနီးပါးကို AAက သိမ်းဆည်းထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-APM
ပုံစာ-တိုင်းစစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နှင့်အဖွဲ့
#ကျောက်ဖြူ #တိုင်းစစ်ဦးစီးမှူး #AA #ဖမ်းမိ #Ayeyarwaddy_Times