နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

လူထုလှုပ်ရှားမှု/လူထုတိုက်ပွဲ နည်းနာကို ပိုမိုအားကောင်းမောင်းသန်စွာ အရှိန်အဟုန်မြှင့်ဖော်ဆောင်နိုင်ရေးအတွက် စုဖွဲ့မှု ပုံသဏ္ဍာန်များကို ပြင်ဆင်၍ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုအတွက် GSCB က စုံညီအစည်းအဝေးများကို ပြီးခဲ့သည့် မေ ၂၇ ရက်နှင့် ၂၉ ရက်အထိ ၂ ရက်တာ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရန် လူပုဂ္ဂိုလ် ၁၇ ဦး၏ အမည်စာရင်းများကို ယမန်နေ့ မေ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“အဲဒီမှာ ကျွန်တော်တို့ရဲ့ GSCB ကို ဆက်လက်ချီတက်မယ့် ဖွဲ့စည်းမှု၊ စုဖွဲ့မှု ပုံသဏ္ဍာန်တွေကို ဆွေးနွေးပြင်ဆင်ခဲ့တယ်။ အဲဒီအထဲမှာမှ GSCB ရဲ့ အတွင်းရေးမှူးအဖွဲ့ အမည်စာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်” ဟု GSCB အတွင်းရေးမှူးအဖွဲ့ ဝင် ကိုချစ်ဝင်းမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအစည်းအဝေးများတွင် GSCB ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်အဖုံဖုံကို သုံးသပ်ပြင်ဆင်နိုင်ခဲ့ပြီး ထုတ်ပြန်လိုက်သော အတွင်းရေး မှူးအဖွဲ့ဝင်များတွင်လည်း အမျိုးသမီး ငါး ဦးနှင့် အမျိုး သား ၁၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုအတွင်းရေးမှူးအဖွဲ့ဝင်များသည် နေရာဒေသအားဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဖားကန့်အပါအဝင် စသည့်နယ်မြေများမှ ဖြစ်ကြပြီး အမျိုးသမီး၊ ကျောင်းသားနှင့် အလုပ်သမားများအပြင် ကျေးလက်မြို့ပြ ကဏ္ဍစုံပါဝင်ကြောင်း GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုချစ်ဝင်းမောင်က ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကြီး၏ တော်လှန်ရေးနည်းနာများထဲတွင် လူထုလှုပ်ရှားမှု/လူထုတိုက်ပွဲ နည်းနာသည်လည်း မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် တည်ရှိပါဝင်နေကြောင်း သိရသည်။

ဓာတ်ပုံ – GSCB

#လူထုတိုက်ပွဲ #အရှိန်အဟုန်မြှင့်ဖော်ဆောင် #စုဖွဲ့မှုပုံသဏ္ဍာန်များ #GSCB #ပြင်ဆင်ထုတ်ပြန် #Ayeyarwaddy_Times