(ချင်း)၊ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှ ခြောက်ဦးသည် သေနတ် နှစ်လက်နှင့်အတူ ကလေးမြို့ပြ ပျောက်ကြား စီမံချက် (UG) အဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသူများသည် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၉၁ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် ကလေးမြို့ပြ ပျောက်ကြား စီမံချက် (UG) အဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

“စစ်မှုထမ်း အပတ်စဥ် ၇ ၊ အပတ်စဥ် ၈ သင်တန်းဆင်း ရဲဘော်တွေပါ။ သူတို့တွေ သင်တန်းဆင်းပြီး ခမရ ၃၉၁ တပ်ရင်းကို ပို့ဆောင်ခံရတာပါ။ အခုကလေး-သိုင်းငင်း ကားလမ်း စစ်ကြောင်းထိုးတဲ့ခါ သူတို့တွေပါ ရှေ့တန်းထွက်ရတာဖြစ်ပါတယ်” ဟု ကလေးမြို့ပြ ပျောက်ကြား စီမံချက် (UG) အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသည် MA – 3 သေနတ် နှစ်လက်၊ လက်ပစ်ဗုံး ငါးလုံး၊ ကျည်ဆန် ၄၇၆ တောင့်၊ ကျည်အိမ် ၁၄ ခု နှင့် အခြားစစ်သုံးဆောင်ပစ္စည်းများပါ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းတွေယူဆောင်လာတဲ့အတွက် သူတို့ကို ကျပ်သိန်း ၁၅၀ ဆုကြေးငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်။ အခု အလင်းဝင်လာတဲ့သူတွေကိုလည်း ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီဖြစ်ပါတယ်။ နောက်ထပ် အလင်းဝင်ရောက်လိုသူတွေလည်း ဆက်သွယ်နိုင်သလို ကျန်ရှိနေတဲ့သူတွေလည်း အလင်းဝင်ကြဖို့ တိုက်တွန့်ချင်ပါတယ်” ဟု ကလေးမြို့ပြ ပျောက်ကြား စီမံချက် (UG) အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ ဟိန်ဇိန်ကျေးရွာထိသာ ရောက်ရှိခဲ့သည်။

#ချင်းပြည်နယ် #စစ်ကြောင်းထိုး #စစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦး #သေနတ်၂လက်နှင့်အလင်းဝင် #Ayeyarwaddy_Times