(တမူး)၊ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ပြန်လည်နေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စည်းရုံးပြောဆိုလာကြောင်း ဒေသခံများထံက သိရှိရသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် တမူးမြို့ခံများကိုအစည်းအဝေးခေါ်ယူ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အတွက် ပြည်သူများပြန်လာကြရန် နှင့် လိုအပ်သည့်အရေးပေါ်အကူအညီများလည်း ပေးအပ်သွားမည်ဟု စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုလို အစည်းအဝေးခေါ်ယူတာ သုံးကြိမ်လောက်ရှိပါပြီ။ နောက်ဆုံးခေါ်တဲ့ အစည်းအဝေးက အမိန့်ပေးတာမျိုး မဟုတ်တော့ဘဲ လူထုကို စည်းရုံးရေးသဘောနဲ့ပြောတာပါ။ ပြည်သူတွေ နေအိမ် ပြန်လာကြဖို့၊ ကျန်းမာရေး စတဲ့ အရေးပေါ်လိုအပ်တဲ့ အကူအညီတွေ ပေးမယ်။ အချိန်မရွေး ဖုန်းခေါ်ဆိုပါ၊ ကူညီမယ်လို့ ပြောပါတယ်” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ်တွင် ရွေးကောက်ပွဲကျင်ရပပေးမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထာသည့်အတွက် တမူးမြို့တွင်လည်း ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီတပ်က ယခုကဲ့သို့ နေရပ်ပြန်လာခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“တမူးမြို့ပေါ်က စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် ဒီနှစ် ရွေးကောက်ပွဲဟာ မလွဲမသွေ ကျင်းမမယ့်မြို့ဖြစ်တယ်။ ဒါကြောင့်လည်း တမူးမြို့ခံတွေ တစ်ယောက်မကျန် မဲထည့်နိုင်ရေးအတွက် အခုကတည်းကနေ စစ်ကောင်စီက စည်းရုံးရေးတွေလုပ်တယ်။ စစ်ဘေးရှောင်တွေပြန်လာခိုင်းတယ်။ မြို့ထဲကလူတွေကိုလည်း နည်းမျိုးစုံနဲ့ မြို့ထွက်ခွာဖို့ တားမြစ်တယ်” ဟု တမူးမြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ်အစောပိုင်းနှင့် ပြီးခဲ့သည့် ဧပြီလတုန်းက ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု အသိပေးပြောဆိုလာပြီးနောက် တမူးမြို့ခံများသည် တခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများ၏ နေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုပျက်၍ ဘန်ကာ၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ တည်ဆောက်ရာတွင် အသုံးပြုကြသလို့ ရောင်းချမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယနေ့ထိ တမူးမြို့သိမ်းတိုက်ပွဲ စတင်ခြင်းမရှိသော်လည်း ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တမူးမြို့အနီး မင်းသာကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်သည်အတွက် နေအိမ်နှင့် စပါးဂိုဒေါင်များ မီးလောင်ပျက်စီးခဲ့သည်။

#တမူးမြို့သိမ်းတိုက်ပွဲသတင်း #တိမ်းရှောင်သူများ #နေအိမ်ပြန်လာကြရန် #စစ်ကောင်စီစည်းရုံး #Ayeyarwaddy_Times