ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၃၀ ရက်

တနင်္သာရီ တိုင်း ၊ တနင်္သာရီ မြို့ အခြေစိုက်ခမရ -၅၅၈ တပ်ရင်း မှ စစ်မှုထမ်း သင်တန်းဆင်း စစ်ကောင်စီတပ်သား နှစ်ဦး သည် မေလ ၂၉ ရက် တွင် ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်းသို့လက်နက်ခဲယမ်းဖြင့်အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါ တပ်ရင်းထံမှသိရသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားစုဆောင်းခံခဲ့ကြရသူများဖြစ်ပြီး ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အပတ်စဥ် (၆) မှသင်တန်းဆင်းတပ်သားများဖြစ်ကြကြောင်းသိရသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ တပ်သား ရန်လင်းထွန်း နှင့် တပ်သား နေသူအောင် တို့ဖြစ်ကြပြီး MA3 တစ်လက် ၊ ကျည်ဘောက်တစ်ခု ၊ကျည် ၂၅ တောင့်ဖြင့် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်းထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ခမရ – ၅၅၈ တပ်ရင်း မှတပ်သား ရန်လင်ထွန်းသည် ညဘက်အပြင်သွားနေစဥ် အတင်းအဓမ္မတပ်သားအဖြစ်စုဆောင်းခံခဲ့ရ၍ စစ်တပ်ထဲရောက်ရှိလာသူဖြစ်ပြီး တပ်သား နေသူအောင်သည် မွေးရပ်ဇာတိတွင် တယ်စီ လူပို့ရင်း ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် တွေ့ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရ၍ စစ်တပ်ထဲ ထဲရောက်ရှိလာရခြင်းဖြစ်သည်။

“စစ်အာဏာရှင်စနစ်ကိုမကြိုက်၍ CDM ဝင်ခဲ့တယ်။ ပစ အယောက် ၁၀၀ မှာ ၁၀ယောက်ခန့်သာတပ်ထဲနေချင်နေကြပြီး အယောက် (၉၀) လောက်က ထွက်ပြေးချင်နေကြတယ်။ စစ်တပ်အတွင်းမှာ ထိန်းချုပ်မှုများပြီး အပြစ်ပေးစနစ်ပိုတင်းကြပ်လာတယ်။ တပ်အတွင်းလုံခြုံမှုနည်းလာပြီး ထွက်ပြေးသွားတဲ့သူတွေပိုများလာတယ်။ဗိုလ်မှူးတွေက ထွက်ပြေးတဲ့ကောင်ကို PDF တွေက မင်းတို့ကို ထမင်း နှစ် နပ်လောက်ပဲကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည်လှီး သတ်ကြတယ်”ဟု တပ်တွင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဗျူဟာ (၃၃ ) နယ်​မြေ ဒေါနစစ်ကြောင်း မှ စစ်ဆင်ရေးမှူး စောဒါးကို က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် စစ်မှုထမ်းသင်တန်းဆင်းပြီး နောက် တပ်တွင်း တာဝန်ထမ်းဆောင် နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးမှ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကိုနွေးထွေးစွာကြိုဆိုလက်ခံပြီး ကျန်ရှိနေသောတပ်သားများအနေဖြင့်လည်း အသက်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူနှင့် အမြန်ဆုံးပူပေါင်းကြရန် တိုက်တွန်းထားသည်။

ပုံစာ – ဒေါနတပ်ရင်း ထံ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦး
#တနင်္သာရီမြို့အခြေစိုက် #ခမရ၅၅၈ #တပ်ရင်း #စစ်မှုထမ်း သင်တန်းဆင်း #တပ်သား၂ဦး #လက်နက်ခဲယမ်း #ဒေါနတပ်ရင်း #Ayeyarwaddy_Times