
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
လက်ရှိဖြစ် ပေါ်နေ သော မုန်တိုင်းငယ်သည်ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဒါကာမြို့ကုန်းတွင်းပိုင်းသို့ဖြတ်ကျော်နေကာ လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်အား လျော့သွားမည်ဖြစ် ကြောင်း မေ ၃၀ ရက်နေ့တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၏ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိရာ လာမည့် ၂၄ နာရီ အတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အား လျော့သွားမည်ဖြစ် ကြောင်း ထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေ ၃၀ မှ ဇွန် ၂ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်နီ( ကယား)၊ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်သည်။
ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာဝန်ကြီးဌာနက သတိပေးထုတ်ပြန်သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိထားရန်လိုအပ်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး လှိုင်းအမြင့် ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်မည်ဖြစ်သည်။
ယင်းပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်ဖြစ်ပြီး ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ ၊ ဧရာဝတီတိုင်းမ်
#ဘင်္ဂလားပင်လယ်အော် #မုန်တိုင်း# #လေဖိအားနည်းဝန်းအဖြစ်အားလျော့မည် #Ayeyarwaddy_Times