
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ရှင်နာဝပ်က မူးယစ်ဆေးဝါးများထုတ်လုပ်သည့်အတွက် ထိုင်းနိုင်ငံ၏ ရန်သူအဖြစ်သတ်မှတ်ထားသည့် “ဝ” တပ်ဖွဲ့ကို မကြောက်ဟု ယနေ့ မေ ၃၀ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) နယ်မြေသည် ထိုင်းနိုင်ငံတွင်းလည်ပတ်နေသည့် မူးယစ်ဆေးဝါးများထုတ်လုပ်ရာ နယ်မြေဖြစ်ကြောင်းကို ပြီးခဲ့သည့် မေ ၂၇ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ပြောကြားချက်ကို “အချိန်ကိုက်နိုင်ငံရေးလှည့်ကစားကွက်တစ်ခု ဖြစ်ပြီး အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်သည်။ မိုင်ရာထောင်ချီသည့် မြန်မာနယ်စပ်၌ မိမိတို့ UWSA “ဝ”တပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါ” ဟု UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်ချေပ ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်က “ဝ” တပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးများကို ဆက်လက်ထုတ်လုပ်မည် ဆိုပါက ထိုင်းနိုင်ငံ၏ ရန်သူဖြစ်လာမည်ဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုတိုက်ဖျက်ရေးတွင် မြန်မာ၊ တရုတ် အစိုးရများနှင့် ပထမဦးစွာပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး မည့်သည့် အဖြေမှ မရရှိပါက ထိုင်းအစိုးရအနေဖြင့် ၎င်းထံသို့ လက်လွှဲပေးသင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသည့် “ဝ” နယ်စပ်တစ်လျှောက်တွင်လည်း မြေရှားသတ္တု အပါအဝင် သတ္တုအလွန်အကျွံတူးဖော်မှုကြောင့် နယ်စပ်ရှိ နမ့်ခုတ် နှင့် မယ်ဆိုင် မြစ်ရေညစ်ညမ်းမှုများဖြစ်ပွားနေသည့်အတွက် ထိုင်းပြည်သူများမှ ဆန္ဒပြမှုများဖြစ်ပွား နေကြောင်း သိရသည်။
ကိုးကား – Khaosod English
#ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် #၀တပ်ဖွဲ့ #UWSA #Ayeyarwaddy_Times