
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
စစ်ကောင်စီကို အရေးယူရန် လာမည့်ဇွန်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)ဆုံးဖြတ် မည်ဖြစ်ပြီး ရုရှားနှင့် တရုတ်က ILO ယန္တရားကို နိုင်ငံရေးအတွက် အသုံးမချရန် စွပ်စွဲပြောနေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ထံမှ သိရသည်။
ILO သည် အဖွဲ့ဝင် ၁၈၆ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီကို အခြေခံအခွင့်အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ စသည့်တို့အတွက် ILO Constitution, Article 33 နှင့်အညီ အရေးယူရန် လာမည့်ဇွန် ၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် ညီလာခံတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မေ ၂၈ ရက်တွင်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
“ကျွန်မတို့ကို ရုရှားနဲ့ တရုတ်က ILO ယန္တရားအတွင်းမှာ စွပ်စွဲနေတဲ့ စကားလုံးရှိတယ်။ ILO ယန္တရားကို နိုင်ငံရေးအတွက် လာမသုံးနဲ့လို့ ပြောလေ့ပြောထရှိတယ်” ဟု CTUM လက်ထောက်အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောဆိုသည်။
ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ၏ တိုက်တွန်းချက်များ၊ NUG အစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စား လှယ်များအား ILO က အသိအမှတ်ပြုရေး ဆောင်ရွက်ချက်များ၊ စစ်ကောင်စီဒေါက်တိုင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ILO ဆုံးဖြတ်ချက်များကို လစ်လျူရှု မထီမဲ့မြင်ပြုနေမှုနှင့် စပ်လျဉ်း၍လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းပြသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)တို့ကို လိုက်နာရန် ပျက်ကွက် ချိုးဖောက်ကျူးလွန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ILO က လွတ်လပ်ပြီး တရားမျှတသည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာတွင် ယခုကဲ့သို့ စစ်ကောင်စီကို အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမတိုင်ခင် ပြီးခဲ့သည့် ၂၀၀၀ ခုနှစ် စစ်အစိုးရလက်ထက်ကလည်း စစ်တပ်ကို ILO ဥပဒေ ပုဒ်မ ၃၃ ဖြင့် အရေးယူဖူးပြီး ပိတ်ဆို့ဒဏ်ခတ်ခဲ့သဖြင့် လက်ရှိတွင် စစ်ကောင်စီဘက်က လာမည့်ဇွန်တွင် ဒုတိယအကြိမ် အရေးယူမခံရအောင် တုံ့ပြန်ကြိုးပမ်းနေကြောင်း သိရသည်။
#စစ်ကောင်စီအရေးယူ #ILOဆုံးဖြတ် #ရုရှားတရုတ် #နိုင်ငံရေး #အသုံးမချရန်စွပ်စွဲ #Ayeyarwaddy_Times