ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး အလုပ်လုပ်ကိုင်ခွင့်ဗီဇာ သက်တမ်းတိုးရရှိရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားများအတွက် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကို ခြောက်လ ထပ်မံ၍ သက်တမ်းတိုးလိုက်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက မေ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၈ သန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ တပြိုင်နက်တည်း အလုပ်လုပ်ကိုင်ခွင့် ဗီဇာကုန်ဆုံးခဲ့ပြီးနောက် ထပ်မံသက်တမ်းတိုးနိုင်ရန်အတွက် မြန်မာ နှင့် ထိုင်းအစိုးရကြား ညှိနှိုင်းရန် လိုအပ်နေသည့်ကြားကာလတွင် ထိုင်းအစိုးရက လာမည့် ဩဂုတ် ၁၃ ရက်နေအထိ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ထိုင်းအစိုးရသည် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လာမည့် ဩဂုတ် ၁၄ ရက်မှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ထပ်မံ၍ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ကို ခြောက်လသက်တမ်း တိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘာ‌ကြောင့်ပြန်ပြီး အခုလိုယာယီသက်တမ်းတိုးတာ ပြန်ပြီးဖြစ်လဲဆိုတာတော့ ယတိပြတ်ပြောလို့ မရဘူး။ ဒီလို အလုပ်လုပ်ကိုင်ခွင့်ဗီဇာ သက်တမ်းမတိုးပေးခြင်းက ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးလည်း ဆုံးရှုံးသလို အလုပ်အပြောင်းအရွှေ့တွေမှာလည်း အကျိုးသက်ရောက်မှုရှိတယ်။ ဥပဒေပိုင်းဆိုင်ရာတွေဆောင်ရွက်တဲ့အခါမှာလည်း အခက်အခဲတွေရှိတယ်” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယာယီနေထိုင်ခွင့်ဖြင့်သာ နေထိုင်နေကြရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ကျန်းမာရေးအာမခံကုန်နေသည့်အတွက် ဆေးရုံ၊ ဆေးခန်းကုန်ကျစရိတ်များပြားနေခြင်း၊ ယာဉ်မောင်လိုင်စင်ပြုလုပ်ခွင့်၊ သက်တမ်းတိုးခွင့် ခက်ခဲခြင်း စသည့်အခက်အခဲများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာအလုပ်သမားများအတွက် ယခုကဲ့သို့ ယာယီနေထိုင်အလုပ်လုပ်ခွင့်ကို ခြောက်လထပ်မံသက်တမ်းတိုးသော်လည်း အလုပ်လုပ်ကိုင်ခွင့်(work permit) ဗီဇာနှစ်နှစ် အတွက် သက်တမ်းစတင် ရေတွက်မှုကို ထပ်မံသက်တမ်းတိုးလိုက်သည့် ဩဂုတ် ၁၄ ရက်နေ့မှ စတင်ရေတွက်မည်ဖြစ်ပြီး ဗီဇာသက်တမ်းကုန်ဆုံးရက်မှာ ၂၀၂၇ ခုနှစ်၊ ဩဂုတ် ၁၃ ရက်ဖြစ်ကြောင်းလည်း သိရသည်။

“သဘောကတော့ တရားဝင်ဗီဇာမရသေးပေမဲ့ သက်တမ်းကိုတော့ စပြီးယူတော့မယ့်သဘောပဲ။ ပန်းရောင်ကတ်ဘတ်ရိုက်ရင်လုပ်တဲ့သဘောပဲ၊ စာရွက်စာတမ်းမစုံသေးမယ့် စပြီးဘတ်ရိုက်ခွင့်ပြုတဲ့အချိန်တည်းကနေ ဘတ်သက်တမ်းကိုယူသလိုပေါ့” ဟု ဗီဇာကိစ္စရပ်များတွင် အကျိုးဆောင်ပြုလုပ်ပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အလုပ်ဗီဇာသက်တမ်းတိုးရန်စောင့်ဆိုင်းနေသူများ‌အနေဖြင့် အဆိုပါ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် ခြောက်လာတာကာလအတွင်း ကျန်းမာရေးစစ်ဆေးရန်၊ လိုအပ်သည့်အာမခံဝယ်ရန်၊ လိုအပ်သည့်စာရွက်စာတမ်းများ ပြင်ဆင်ထားရန်စသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ထားရန်လိုအပ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

သက်တမ်းတိုးရန်စောင့်ဆိုင်းနေသူများအနေနှင့် လည်း အလုပ်လုပ်ခွင့်သက်တမ်းတိုးပေးချိန်ရောက်ရှိလာပါက မိမိတို့၏ ပတ်စပို့စ်၊ CI စသည့် စာအုပ်များမှာ အနည်းဆုံးခြောက်လ သက်တမ်းကျန်ရှိရမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးခါနီးစာအုပ်များကို ကြိုတင် လဲလှယ် ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံတွင် MOU အပါဝင် လေးနှစ်နှင့်အထက် သက်တမ်းရှိသည့် အလုပ်ဗီဇာသမားများအနေဖြင့် မိမိနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် သဘောတူညီမှုများထားရှိထားပြီး ယခုအခါ မြန်မာအာဏာသိမ်း အစိုးရမှ အလုပ်သမားများပြည်တွင်းသို့ပြန်ဝင်လာရန်၊ အခွန်‌ကောက်ခံရန်၊ ကိုယ်ရေးအချက် အလက်များ ပေးရန် စသည်ဖြင့်ဖိအားပေးနေပြီး ၎င်းတို့မှ သက်တမ်းတိုးခွင့်မပြုသည့်အတွက် ထိုင်းအစိုးရမှ ဆက်လက်၍ ယာယီအလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပုံစာ-ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လက်ဗွေနှိပ်ရန် စောင့်ဆိုင်းနေသူများ (ပုံဟောင်း)

#ထိုင်းနိုင်ငံ #အလုပ်ဗီဇာ #သက်တမ်းတိုး #စောင့်ဆိုင်း #ယာယီအလုပ်လုပ်ကိုင်ခွင့် #Ayeyarwaddy_Times