
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
အီလွန်မက် သည် ထရမ့်အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ “X” မှတဆင့် ကြေညာခဲ့ပြီး အိမ်ဖြူတော်မှလည်း ၎င်းနှုတ်ထွက်သွားကြောင်းကို ဗုဒ္ဓဟူးနေ့ညပိုင်းက အတည်ပြုခဲ့သည်။
အီလွန်မက်သည် ထရမ့်အစိုးရလက်အောက်ရှိ အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) တွင် ငါးလတာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရုတ်တရက် နှုတ်ထွက်ခြင်းဖြစ်ကာ သမ္မတထရမ့်နှင့် တရားဝင်ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
“အထူးအစိုးရဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်လာတဲ့ အချိန်ကာလကုန်ဆုံးလာတာနဲ့အညီ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျော့ချရန်အခွင့်အရေးပေးခဲ့တဲ့ သမ္မတထရမ့်ကို ကျေးဇူးတင်ပါ တယ်” ဟု ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးတစ်ဦးဖြစ်သည့် အီလွန်မက်က ပြောဆိုခဲ့သည်။
အီလွန်မက်အနေဖြင့် ထရမ့်အစိုးရအဖွဲ့တွင် တရားဝင်အစိုးရဝန်ထမ်းမဟုတ်ပဲ အရပ်သား အထူး အစိုးရဝန်ထမ်းအနေဖြင့် လုပ်ကိုင်ခွင့်ရသည့် ငါး လတာမှာ ယနေ့ မေ ၃၀ ရက်နေ့တွင် သက်တမ်းပြည့်မည်ဖြစ်ကြောင်းလည်း သိရသည်။
“DOGEရဲ့ မစ်ရှင်တွေဟာ အစိုးရသက်တမ်းကြာလာတာနဲ့အမျှ အချိန်နဲ့လိုက်ပြီး ပိုမိုအားကောင်းလာမှာ ဖြစ်တယ်” ဟု အီလွန်မက်က ဆက်လက်ပြောဆိုခဲ့သည်။
အီလွန်မက်အနေဖြင့် အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) တွင် တာဝန်ထမ်းဆောင်စဉ်တစ်လျှောက် အမေရိကန်အစိုးရ၏ အသုံးစရိတ်နှင့် ရန်ပုံငွေအများအပြားကိုလည်း လျော့ချခဲ့သည်။
မတ်စ်၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူအချို့ကလည်း မတ်စ်အား ထရမ့်၏ အကြံပေးအဖြစ်မှ နုတ်ထွက်ပြီး Tesla ကို ပိုမိုနီးကပ်စွာ စီမံခန့်ခွဲရန် တောင်းဆိုခဲ့ကြသည်။
မတ်စ်သည် ထရမ့်၏ သမ္မတရွေးကောက်ပွဲလှုံ့ဆော်မှုနှင့် အခြားသော ရီပတ်ဘလစ်ကန်များကို ထောက်ပံ့ရန် ဒေါ်လာသန်း ၃၀၀ နီးပါး သုံးစွဲခဲ့ပြီးနောက် ယခုလအစောပိုင်းတွင် ၎င်း၏ နိုင်ငံရေးအသုံးစရိတ်များကို သိသိသာသာ လျှော့ချမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော် လုပ်စရာရှိတာ လုပ်ပြီးပြီလို့ ထင်ပါတယ်” ဟု ကာတာနိုင်ငံရှိ စီးပွားရေးဖိုရမ်တစ်ခုတွင် မတ်စ်က ပြောကြားခဲ့သည်။
ကိုးကား – The Guardian
#Ayeyarwaddy_Times