ဧရာဝတီတိုင်းမ်
မေ ၂၉ရက်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ယမ်းချက်စက်ရုံကိုရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖားကန့်ဗျူဟာကုန်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ မေ ၂၉ရက် နေ့လယ် နှစ်နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဖားကန့်ဗျူဟာကုန်းကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“လုံးခင်းက ရပ်မိရပ်ဖတွေအပါအဝင် လူ ၂၀လောက်ကို လူသားဒိုင်းအနေနဲ့ကာပြီးဖမ်းခေါ်သွားပါတယ်။ တပ်မကုန်းထဲဝင်သွားပြီလို့ သိရပါတယ်။ လုံးခင်းမှာ လက်ရှိအထိ ဒေသခံ လေးယောက်သေဆုံးထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လုံးခင်း ယမ်းချက်စက်ရုံထိစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဖားကန့် အသွားလမ်းတလျှောက် ကြားဖြတ်အတိုက်ခံရပါက လုံးခင်းကို လေကြောင်းမှ ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ယမန်နေ့ မေ ၂၈ရက်နေ့က လုံးခင်း၊ လယ်ပြင် စသည့် ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုင်းဖရာရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် နှစ်သေဆုံးခဲ့သည်။

ဖားကန့်- ကာမိုင်းလမ်းမှ ဖြတ်ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ လက်ကျန်တပ်ဖွဲ့ဝင်များနှင့် လုံးခင်းရှိအထိုင်တပ်တချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ နီးပါး ဖားကန့်ဗျူဟာကုန်းကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဗျူဟာကုန်းတွင်လက်ရှိထိုင်နေသည့် တပ်မ ၃၃မှစစ်ကောင်စီတပ်ဖွဲ့များနှင့် ယခုတက်လာသည့် စစ်ကြောင်းလဲလှယ်မည့်အစီအစဉ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသလို အင်အားပူးပေါင်းပြီး ဖားကန့်ကိုအပြည့်အဝထိန်းချုပ်ရန်ကြိုးစားနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

#ဖားကန့် #ဗျူဟာကုန်း #စစ်ကောင်စီ #ဝင်ရောက် #Ayeyarwaddy_Times