ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

Federal Wings ဒရုန်းတပ်ဖွဲ့၌တာဝန်ထမ်းဆောင်ရန် တော်လှန်ရေးတပ်သားသစ်များခေါ်ယူရာတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဦးစားပေးခေါ်ယူနေကြောင်း သိရသည်။

Federal Wings ဒရုန်းတပ်ဖွဲ့နှင့်အတူ Research and Development-R&D လုပ်ငန်းများအား ပူးတွဲတာဝန်ထမ်းဆောင်ရန်နှင့် နည်းပညာများ တိုးတက်ပြန့်ပွားစေရန်ဟုဆိုကာ ယနေ့ မေ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးစားပေးအနေဖြင့် တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသည့် ဆေးနားရဲဘော်များ၊ လက်ရှိတော်လှန်ရေးတပ်ဖွဲ့တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များနှင့် စစ်အာဏာရှင်အား နည်းပညာဖြင့် တော်လှန်လိုသူများအား ခေါ်ယူနေကြောင်း Federal Wings တပ်ဖွဲ့ထံမှ သိရသည်။

” ကိုယ်လက်အဂ်ါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက်အခုလိုဦးစားပေးစဉ်းစားပေးတာ ကောင်းပါတယ်။ အချို့လည်း တော်လှန်ရေးထဲဆက်ပါနေသလို အချို့လည်းလမ်းပျောက်နေတာကို မြင်ရတယ်။ တော်လှန်ရေးအလွန်ကာလအတွက်ပါ ရည်ရွယ်ပြီး ပြုစုလေ့ကျင့်ပေးနိုင်ရင်တော့ ရဲဘော်တွေရဲ့ဘဝအတွက်ပါ အာမခံချက်ရနိုင်မယ်လို့ထင်ပါတယ်။ အခုလက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် ကိုယ်လက်အဂ်ါစွန့်လွှတ်ထားရတဲ့ ရဲဘော်တွေအတွက်က မရေမရာတွေများနေတာမြင်ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပူးတွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များအနေဖြင့် မိမိတို့တပ်ဖွဲ့မှ အနည်းဆုံး တပ်ဖွဲ့ဝင်သုံးဦး စေလွှတ်ကာ FW ၏ R&D ကိစ္စရပ်များတွင် ပူးတွဲတာဝန်ထမ်းဆောင်စေခြင်းဖြင့် နည်းပညာတိုးတက်ပြန့်ပွားစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသည့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် FW နှင့် အသေးစိတ် ဆွေးနွေးနိုင်သည်ဟုဆိုသည်။

အဆိုပါ Federal Wings ဒရုန်းတပ်ဖွဲ့သည် ဒရုန်းနည်းပညာဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

#Federal Wings #ဒရုန်းနည်းပညာ #ရဲဘော်သစ် #ခေါ်ယူ #Ayeyarwaddy_Times