
(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) အုပ်ချုပ်ရေးနယ်မြေတွင် ငှက်ဖျားရောဂါပြန့်ပွားနေပြီး ဆေးကုသမှုပေးရန်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။
DRC အုပ်ချုပ်ရေးနယ်မြေတွင် ယခုနှစ် မေလမှစတင်၍ ငှက်ဖျားရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆေးကုသရန် ဆေးဝါးများပြတ်လပ်နေသည့်အတွက် ငှက်ဖျားလူနာများသည် အသက်သေဆုံးမှုထိရှိလာကြောင်း သိရသည်။
“တချို့ကျေးရွာတွေမှာဆိုရင် ငှက်ဖျားရောဂါပိုးတွေ့ရှိတဲ့လူနာ အယောက် ၅၀ ကနေ ၁၅၀ လောက်ရှိတယ်။ တချို့အိမ်တွေမှာဆို တစ်ယောက်မကျန် မိသားစုလိုက် ဖြစ်နေကြတယ်။ ငှက်ဖျားပိုးက ဦးနှောက်အထိရောက်ပြီးစကားမပြောနိုင်တာ၊ သေဆုံးတာတွေရှိတယ်” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
DRC မှ ဖွင့်လှစ်ပေးထားသည့် နွေးဦးဆေးခန်းများတွင်လည်း ငှက်ဖျားရောဂါစစ်ဆေးသည့် စတစ်များပြတ်လပ်နေသည့်အတွက် ဖျားနာသူများအနေဖြင့် ငှက်ဖျား ပိုးရှိ၊ မရှိစစ်ဆေးရန် အခက်တွေ့နေကြရကြောင်း သိရသည်။
“လောလောဆယ် DRC က ဆေးခန်းတွေမှာလည်း ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးဝါးတွေပြတ်လပ်နေတဲ့အတွက် ငှက်ဖျားဆေးတွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။ အထူးသဖြင့် ငှက်ဖျားသွေးစစ်ကိရိယာ၊ ဆေးဝါးပစ္စည်းတွေ၊ ခြင်ကာကွယ်ဆေးနဲ့ ခြင်ထောင်တွေ အကူအညီရဖို့လိုအပ်နေတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငှက်ဖျားရောဂါနှင့်ပတ်သက်၍ NGO ကဲ့သို့သော လူမှုအဖွဲ့စအည်းများ၊ ဘာသာရေးအဖွဲ့အစည်းများထံမှ အရေးပေါ်အကူအညီများ လုပ်ဆောင်ပေးရန်လည်း ဒေသခံများက မျော်လင့်နေကြကြောင့် ၎င်းက ဆက်ပြောသည်။
DRC နယ်မြေသည် ယခင်ကတည်းက မြို့များနှင့် ဆက်သွယ်ထားသည့် ကားလမ်းများမရှိသည့်အပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆေးဝါးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန် ပိုမိုခက်ခဲလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မွေးလူနားများနှင့် ဝမ်းလျော့ဝမ်းပျက်ရောဂါ၊ ငှက်ဖျားအစရှိသည့် ရောဂါမျိုးစုံများကြောင့် အသက်ဆုံးရှုံးမှုပိုများလာကြောင်း ဒေသခံများကပြောသည်။
#ပလက်ဝမြို့နယ် #ငှက်ဖျားရောဂါအဖြစ်များ #ဆေးဝါးပြတ်လပ် #အသက်ဆုံးရှုံးမှုများရှိ
#Ayeyarwaddy_Times