ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေသို့ဝင်ရောက်ပြီးဖြစ်၍ မြန်မာနိုင်ငံသို့ဝင်ရောက်မှုမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ နောက်ထက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဆာဂါကျွန်းနှင့် ခီပူပါရာမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းချက်အရသိရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ ဇွန် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

” လက်ရှိဖြစ်နေတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက မုန်တိုင်းငယ်ဟာ ဒီနေ့မနက် ၁၀နာရီ၃၀မိနစ်အချိန်တိုင်းထွာချက်အရဆာဂါ (Sagar Island) ကျွန်းကို စတင်ဖြတ်ကျော်ဝင်ရောက်နေပါပြီ။ မြန်မာပြည်ဘက် မလာနိုင်ပါဘူး။ မြောက်ဘက်ကို ဖြည်းညှင်းစွာ ဆက်ရွေ့လျားရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် နောက် ၄၈နာရီအတွင်းတဖြည်းဖြည်း ပြန်လည်အားပျော့သွားတော့မှာပါ” ဟု မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ဧရာဝတီတိုင်မ်းကို ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ရေဝင်ရောက်မှုကြောင့်ရေလွှမ်းမိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး ရေပြင်/မြေပြင်သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်အနီးနေထိုင်သူ၊ မြစ်ချောင်းအနီးနေထိုင်သူများသိထားရမည်ဖြစ်သည်။

ဓာတ်ပုံ – မိုး/ဇလ
#မုန်တိုင်းငယ် #မြန်မာမဝင် #အဝါရောင်အဆင့်သတ်မှတ်
#မိုးကြီး #လှိုင်းကြီးမည် #Ayeyarwaddy_Times