
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်သွားသော ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ စစ်ကိုင်းပြတ်ရွှေ့ ငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ နှစ်လပြည့်ခဲ့ပြီ ဖြစ်သော်လည်း မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျရာတွင် သေဆုံးရုပ်အလောင်းများနှင့် အဖိုးတန်ပစ္စည်းများ တွေ့ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သို့သော်လည်း လက်ရှိအချိန်အထိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ငလျင်ကြောင့် ပျက်စီးသွားသည့် ရုံးဌာနအဆောက်အအုံများ ပြုပြင်ရေးသာ ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ထိုသို့ပြုပြင်ရာတွင် နိုင်ငံတကာမှ ထောက်ပံ့သည့် ပစ္စည်းများဖြင့် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားရုံးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနရုံးတို့သည် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများသဖြင့် ရုံးအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ငလျင်ကူညီမှုများအနေဖြင့် တရုတ်နိုင်ငံက ယာယီရုံးအဖြစ်အသုံးပြုရန် Prefabricated အလုံးရေ ၅၀၀ နှင့် ယာယီအိမ်ဖြစ်အသုံးပြုရန် Prefabricated အလုံးရေ ၄၅၀၀ လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီအာဘော်သတင်းစာများတွင် ဖော်ပြထားသည်။
“ဝန်ထမ်းတွေဟာ အစိုးရရုံးဘေးနဲ့ ကားရပ်နားဖို့ လုပ်ထားတဲ့ နေရာတွေမှာ တရုတ်ကပေးထားတဲ့ ယာယီကွန်တိန်နာ (Container House) တွေနဲ့ နေရတာမျိုးရှိတယ်။ တချို့ဝန်ထမ်းတွေက အပျိုဆောင် သဇင်ဆောင်မှာ တိုက်ခန်းတစ်ခန်းမှာ လူငါးယောက်၊ ခြောက်ယောက်လောက် စုနေရတာမျိုးရှိတယ်။ မိသားစုများကို ခွဲထားရတာမျိုးတွေ ရှိပါတယ်။ အဆင်ပြေသလို နေနေရတာပါ။ ဝန်ထမ်းတွေအားလုံး စိတ်ညစ်နေကြတယ်” ဟု နေပြည်တော်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလျင်ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ငလျင်ဘေးသင့်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး အခြားဌာနဆိုင်ရာ အများစုရှိ ဝန်ထမ်းများသည်လည်း ထိခိုက်မှုများစွာ ရှိခဲ့သည်။
သို့သော်လည်း စစ်ကောင်စီသည် ငလျင်ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများကို ကူညီရေးထက် ၎င်းတို့ အာဏာချုပ်ကိုင်နိုင်ရေးအတွက် အရေးကြီးသော ပြည်ထောင်စုလွှတ်တော် ပြုပြင်ရေးနှင့် အစိုးရဌာနရုံးများကိုသာ ပြုပြင်နေကြောင်း နေပြည်တော်ရှိ ဝန်ထမ်းများထံမှ သိရသည်။
မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ပြီး နှစ်လပြည့်သည့်အထိ ပြိုကျအဆောက်အအုံများကို ဖယ်ရှားရှင်းလင်းနေဆဲဖြစ်ပြီး ယင်းအောက်နစ်မြုပ်နေသည့် သေဆုံးရုပ်အလောင်းများကို ထုတ်ယူရနေဆဲ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့၊ Sky Villa ကွန်ဒိုပြိုကျမှု၌ မေ ၂၇ နေ့တွင် အမျိုးသမီးရုပ်အလောင်း သုံးလောင်းနှင့် အဖိုးတန်ရွှေများ အပါအဝင် ကျပ်သိန်းထောင်နှင့်ချီ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မန္တလေးနှင့် စစ်ကိုင်းမြို့ဗဟိုပြုလှုပ်ခတ်သော ငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း မေ ၂၈ ရက်နေ့အထိ စာရင်းများအရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး၊ မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက စစ်အာဏာရှင်များ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ စစ်အစိုးရအဆက်ဆက်သည် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုမရှိသလို ဘေးအန္တရာယ်ကျရောက်ချိန်တွင်လည်း လူအင်အားသုံး ကူညီခြင်းမရှိကြောင်း၊ ဘေးအန္တရာယ်အတွက် ငွေကြေးသုံးစွဲမှုမရှိဘဲ စစ်ဆင်ရေးအတွက်သာ သုံးစွဲနေကြောင်း ဧရာဝတီတိုင်းမ်ကို ဖြေကြားခဲ့သည်။
ဓာတ်ပုံ – MOI, လူမှုကွန်ရက်
#မန္တလေး #စစ်ကိုင်းငလျင် #နှစ်လပြည့် #ပြိုကျအဆောက်အအုံ #ရုပ်အလောင်းတွေ့ရှိ #Ayeyarwaddy_Times