ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ ကျေးရွာအုပ်စုတွင် မေ ၂၄ ရက်နေ့ ည ၁၂နာရီခန့်က မြစ်ကမ်းပါ ပြိုကျပြီး နေအိမ် ၂၀ လုံး မျောပါပျက်စီးခဲ့ပြီး ၃၈ လုံးကြိုတင်ဖျက်ခဲ့ရသည့်အတွက် မိသားစု၀င်များ စား၀တ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

ပန်းလိူင်မြစ် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြိုကျခဲ့ခြင်းဖြစ်ပြီး ကမ်းဘေးတွင် နေထိုင်သော နေအိမ်များအားလုံးပျက်စီးဆုံးရူံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ပရဟိတအဖွဲ့များက ထောက်ပံ့ကူညီပေးနေသော်လည်း ရေရှည်တွင် နေထိုင်ရန်အခက်အခဲများရှိလာနိုင်ကြောင်း ဒေသခံများမှပြောသည်။

“စားဖို့ကတော့နေ့တိုင်းအလှူရှင်တွေကလာလှူပေးနေတယ်။ နေစရာ အိမ်ကတော့ အချို့က ရင်းနှီးတဲ့အိမ်တွေမှာ ကပ်နေရတယ်၊ အချို့ကလည်းယာယီတန်းလျားထိုးနေရတယ်။ တစ်သက်လုံးရှာဖွေထားသမျှ မြစ်ထဲမျောသွားတော့ ရေရှည်ကြ ဘယ်လိုဆက်လုပ်ရမလဲမသိဘူး”ဟု နေအိမ်ဆုံးရူံးသွားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဒေသခံ ပရဟိတအဖွဲ့များမှ နေစဥ်ထမင်းဟင်းဝေခြင်း၊ အိမ်ထောင်ပရိဘောဂဝေငှပေးခြင်းများပြုလုပ်နေပြီး တန်ဘိုးနည်းနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးရန် အတွက်အလှူခံရန် စီစဥ်နေကြောင်းသိရှိရသည်။

ကမ်းပါးပြိုကျရာတွင် ပါ၀င်သွားသောနေအိမ် ၅၈လုံးမှ လူဦးရေ ၁၃၅ဦးခန့် အတွက် နေထိုင်ရေးနှင့်စား၀တ်နေရေး ခက်ခဲနေကြုံနေခြင်းဖြစ်ပြီး ထပ်မံ၍ ကမ်းပါးပြိုကျမည့်အခြေအနေလည်းရှိနေကြောင်း​ သိရသည်။

#ညောင်တုန်း #ရန်ကင်းစံရာကျေးရွာအုပ်စု #နေအိမ်ဆုံးရှုံးသူများ #စား၀တ်နေရေးအခက်အခဲကြုံနေရ #Ayeyarwaddy_Times