
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၈ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်တွင် လိုင်စင်မဲ့ ကားအပါအဝင် ဆိုင်ကယ် နဲ့ ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေ ၂၇ ရက် နံနက်ပိုင်းက အင်အား ၆၀ ခန့်ဖြင့် ကံပေါက်သို့ ရောက်ရှိလာကာ လိုင်စင်မဲ့ယာဥ်များကို နေရာလေးခုခွဲ၍ စစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
“ကံပေါက် မှာ စစ်ကောင်စီက နေရာ လေး ခုခွဲပြီး လိုင်စင်မဲ့ယာဥ်တွေကို စတင်ဖမ်းဆီးနေ တယ်။ ဖမ်းတဲ့နေရာတွေက ကံပေါက် ရွာလယ်ကျောက်တိုင် အနီး မှာ သုံးနေရာ၊၊ နောက် ရွာပြင်က ပြင်ကြီး လမ်းဆုံ ၊ စတဲ့နေရာတွေမှာ ဖမ်းတယ်။ ပြီးတော့ ကားနဲ့ ကင်းပတ်သလို ပုံစံမျိုးနဲ့ ပတ်ပြီး ဖမ်းတာလည်းရှိတယ်” ဟု ကံပေါက်တွင် ဘေးတွဲဆိုင်ကယ်တက္ကစီမောင်းသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဥ်များကို ယူဆောင်ထားကာ ပိုင်ရှင်များထံမှ ဖုန်းနံပါတ်များ တောင်းယူထားကြောင်း ဖမ်းဆီးခံရသည့် ယာဥ်ပိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။
“ယာဥ်လိုင်စင်ရှိရင်တော့ ပြန်လွှတ်ပေးတယ်။လိုင်စင်မရှိရင်တော့ တစ်ခါတည်း သူတို့ဖမ်းထား လိုက်တယ်။အခုဆိုရင် ကံပေါက်မှာ လိုင်စင်မဲ့ မော်တော် ကား ၊မောင်တော်ဆိုင်ကယ်တွေကို ဖမ်းနေတာ နှစ်ရက်ရှိပြီ။ မနေ့က (မေ ၂၇ ရက်) ကား ငါး စီး နဲ့ ဆိုင်ကယ် လေးစီးကို ကျောက်တိုင်နားမှာ စစ်ကောင်စီတပ်ကဖမ်းလိုက်တယ်။ ပြီးတော့ စစ်ကောင်စီတပ်က ယာဥ်ပိုင်ရှင်တွေဆီမှာ ဖုန်းနံပါတ်တောင်းယူပြီး ပြန်ခိုင်းလိုက်တယ်”ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကံပေါက်တိုက်နယ်ရှိ ဒေသခံများသည် စစ်ကောင်စီလက်အောက် ခံ စစ်တပ်နှင့် ရဲများကို လိုင်းကြေးအနေ နှင့် ငွေပေးကာ လိုင်စင်မဲ့ ယာဥ်များစီးနင်း၍ သွားလာနေကြရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရန် ညွှန်ကြားခဲ့၍ ယခုလို ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများက ဆိုသည်။
စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနှင့် လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ပြီး နံပါတ်ပြား အတုပြုလုပ်ခြင်း၊ လိုင်စင်အတု ပြုလုပ်ခြင်းများကို တွေ့ရှိရ၍ တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်နေသူအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဖို့ ညွှန်ကြားခဲ့ကြောင်းသိရသည်။
ပုံစာ-ကံပေါက် ကျောက်တိုင် နှင့် လယ်ကြီးကွင်းလမ်းဆုံးရှိ ယာဥ်များကို စစ်ကောင်စီတပ်များစစ်ဆေးနေပုံ (ပုံဟောင်း)
#ကံပေါက် #လိုင်စင်မဲ့ယာဉ်များ #စစ်ကောင်စီ #လိုက်လံဖမ်းဆီး #Ayeyarwaddy_Times