ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ မေ ၂၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်ပင်ကုန်း ကျေးရွာအတွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီ စခန်းတစ်ခုကို ပြီးခဲ့သည့် မေ ၂၅ ရက်နေ့တွင် သာယာဝတီခရိုင်၊ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းစွန့်ခွာ ထွက်ပြေး သွားကြောင်း သိရသည်။

ထန်းပင်ကုန်းကျေးရွာအတွင်းရှိ အဆိုပါစခန်းသည် စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်ရှိကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ အခိုင်အမာစခန်းချတပ်စွဲ ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးကာ ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာသွားပြီး အုတ်ဖိုအခြေစိုက် ခမရ-၆ တပ်ရင်းသို့ ထွက်ပြေး သွားကြကြောင်း သိရသည်။

“တိုက်ပွဲက နှစ်ခါဖြစ်တယ်။ ပထမအကြိမ်မှာ ခမရ-၆ ကနေ လက်နက်ကြီး အလုံး ၂၀ လောက်ပစ်ကူပေးတော့ ကျွန်တော်တို့ ခဏဆုတ်ခွာပြီး ဒုတိယအကြိမ်ပြန်တိုက်တာ။ အဲ့မှာ ရဲဘော်တွေ က လက်နက်ချဖို့ အလင်းဝင်ဖို့ ပြောတော့ အလင်းတော့မဝင်ဘူး စခန်းစွန့်မယ်ဆိုပြီး သေတဲ့အလောင်းတွေ ထမ်းပြီး ထွက်ပြေးသွားကြတယ်” ဟု ‌တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်းပင်ကုန်းကျေးရွာရှိ အဆိုပါစခန်းတွင် ဒေသခံရွာသားများအပါအဝင် အရပ်သား ငါး ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးပြီး ဒေသခံများမှာလည်း လက်ရှိတွင် စစ်ဘေးရှောင်တိမ်း နေရကြောင်းလည်း သိရသည်။

စခန်းသိမ်းရရှိပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ၆၀-မမ လက်နက်ကြီးကျည် ၁၂ လုံး၊ လက်ပစ်ဗုံး ငါး လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ကျည် ငါးတောင့်၊ တူမီး တစ်လက် အပါအဝင် ရိက္ခာများ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သာယာဝတီခရိုင်အတွင်း တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီမှ ပဲခူးရိုးမအတွင်း စစ်ကြောင်းများပို့လွှတ်ရန် အင်အားပြန်လည်စုစည်းနေကာ ကင်းအတွက် အသုံးပြုသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ စုစည်းနေကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #စစ်ကောင်စီ #စခန်းစွန့်ခွာ #တိုက်ပွဲ #ပဲခူးရိုးမ #Ayeyarwaddy_Times