
ထိုင်း-မြန်မာနယ်စပ်အနီး ရောက်လာသည့် တိုက်လေယာဉ်ကိုတားဆီးရန် ထိုင်းတော်ဝင်လေတပ်မှ တိုက်လေယာဉ် အရေးပေါ်စေလွှတ်
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံလိုက်ရ၍ ထိုင်း-မြန်မာနယ်စပ်အနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ မေ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် DKBA ဌာနချုပ်ရှိရာ မြဝတီမြို့ နယ်၊ ဆုံဆည်းမြိုင်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“လာကြဲသွားပြီ လေယာဉ်နဲ့။ ဆုံဆည်းမြိုင်ရွာထဲကို အထိအခိုက်တော့ မသိရသေးဘူး”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် သေ့ဘောဘိုးစခန်းမကျစေရေးအတွက် ဝေါလေမှ စစ်ကောင်စီအင်အား ၇၀ ကျော်ကို စေလွှတ်ခဲ့ရာ DKBA ဌာနချုပ်အနီးရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် တပ်ပျက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါအခြေအနေကို ထိန်းချုပ်ရန်အတွက် Yak -130 တိုက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်အနီး ရောက်ရှိလာသည့် စစ်ကောင်စီ၏ Yak -130 တိုက်လေယာဉ်ကို ကြားဖြတ် တိုက်ခိုက်ရန် ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်နှစ်စင်းကို အရေးပေါ် ပျံသန်းခိုင်းထားကြောင်း ထိုင်းတော်ဝင်လေတပ်က သတင်းထုတ်ပြန်သည်။
ထိုင်းတော်ဝင်လေတပ် (RTAF) သည် တိုက်လေယာဉ် နှစ် စင်းကို ချက်ချင်းစေလွှတ်၍ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ် အနီးတွင် Yak-130 လေယာဉ်ကို ကြားဖြတ်ဟန့်တားခဲ့ပြီး ကြည်းတပ်မှလည်း နယ်စပ်တစ်လျှောက် စစ်ရေးပြနေကြောင်း နယ်စပ်အနီးနေထိုင်သူများထံမှ သိရသည်။
ပုံစာ-ထိုင်းတော်ဝင်လေတပ်က စေလွှတ်ခဲ့သည့် တိုက်လေယာဉ်ကို တွေ့ရစဉ်။
#ကရင် #ထိုင်းမြန်မာနယ်စပ် #သေ့ဘောဘိုးစခန်း #စစ်ကူတိုက်ခိုက်ခံရ #DKBA #ဆုံဆည်းမြိုင် #စစ်ကောင်စီဗုံးကြဲ #Ayeyarwaddy_Times