
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းယမ်းချက် စက်ရုံဘက်သို့ ရောက်လာသည့် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
လုံးခင်း၊ လယ်ပြင်နှင့် ငြိမ်းချမ်းသာယာအနီးတွင် ယနေ့ မေ ၂၈ ရက် နံနက် ၈ နာရီခန့်မှစ၍ စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေကာ ပြည်သူများထွက်ပြေးနေရကြောင်း သိရသည်။
“ဖားကန့်မြို့နားကပ်ရက်မှာ အနီးကပ်တိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်။ လုံးခင်းနဲ့ လယ်ပြင်ရွာကလူတွေ ညကတည်းက စစ်ဘေးရှောင်သွားကြပြီ။ အိမ်စောင့်ကျန်တဲ့သူတွေကို စစ်တပ်က ခေါ်ထုတ်ပြီး ရိုက်နှက်နေတယ်လို့ သိထားတယ်”ဟု လုံးခင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖားကန့်-ကာမိုင်းလမ်းမှ အင်အား ၆၀၀ ခန့်ဖြင့် ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ယမန်နေ့ မေ ၂၇ ရက်နေ့က လုံးခင်း ယမ်းချက်စက်ရုံအနီးသို့ အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာပြီးနောက် KIA နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
လုံးခင်းမှ စောင့်ကြိုနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာမိုင်းလမ်းမှတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဆိုင်းဖရာကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လုံးခင်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များမှာ ဒေသခံအချို့ကို ဖမ်းဆီးထားပြီး လမ်းပေါ်တွင် ထိုင်ခိုင်းကာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ရရှိထားသည့် ရုပ်သံဖိုင်အရ သိရသည်။
ပုံစာ- ပျက်စီးနေသည့် လယ်ပြင်တံတား
#ကချင် #ဖားကန့် #လုံးခင်း #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times