ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီ၏စစ်ကြောင်း တစ်ခုလုံး တိုက်ခိုက်ခံရပြီး တပ်ပျက်သွားကာ အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း သိရသည်။

အင်အား ၇၀ ကျော်ပါ စစ်ကောင်စီ၏ စစ်ကြောင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီးခံရပြီး ကျန်သူများမှာ သေဆုံးနှင့် ထွက်ပြေးသူများရှိကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်ကြောင်းက တပ်ပျက်သွားတယ်။ အရှင်ဖမ်းဆီးရမိထားပြီး လက်နက်တွေရော ရထားတယ်။ ထွက်ပြေးသွားတဲ့ ကောင်တွေလည်းရှိတယ်။ တိုက်ပွဲအနီးအနားကသူတွေ ထိုင်းဘက်ကို ရှောင်နေ ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ မေ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိလာစဉ်တွင် KNLA ပူးပေါင်းတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်သွားခြင်းဖြစ်သည်။

KNLA ပူးပေါင်းတပ်များသည် သေ့ဘောဘိုးရွာထိပ်ရှိ စစ်ကောင်စီစခန်းနှင့် ကာကင်းစခန်းအချို့ကို ပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီက စစ်ကူစစ်ကြောင်းများ ပို့နေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အင်အား ၇၂ ဦးပါ စစ်ကြောင်းကို ယမန်နေ့ မေ ၂၇ ရက်နေ့မှစတင်ပြီး KNLA က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်တွင် စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက သေ့ဘောဘိုး၊ ကျောက်ခက်၊ တောင်နီ၊ ဆုံဆည်းမြိုင်၊ ဝေါလေ တစ်လျှောက်တွင် အင်အားထောင်ချီရှိနေပြီး ဝေါလေလမ်းပိုင်းမှတစ်ဆင့် စစ်ကူနှင့် လက်နက် ခဲယမ်းပို့ရန် ပြုလုပ်နေကြောင်း သိရသည်။

ပုံစာ- ဘလယ်ဒိုစခန်းသိမ်းပွဲမှ ရရှိလက်နက်များ
#ကရင် #ထိုင်း-မြန်မာ #နယ်စပ် #သေ့ဘောဘိုး #စစ်ကောင်စီ #KNLA #ပူးပေါင်းတပ် #တိုက်ပွဲ #ပြင်းထန် #စစ်ကြောင်းပျက် #Ayeyarwaddy_Times