ဧရာဝတီတိုင်းမ်
(မကွေး)၊ မေ ၂၈ ရက်

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မကွေး‌အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာ တစ်လကျော်ကြာ တိုက်ပိတ်ခြင်းခံထားရပြီး ဆေးကုသခွင့်များလည်း ပိတ်ပင်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ‌ယနေ့ မေ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မကွေးထောင်ရှေ့တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားစဉ်တွင် ‌ထောင်တွင်း အခြေအနေတင်းမာမှုများဖြစ်ပွားခဲ့ပြီး ထောင်တွင်းရှိအကျဉ်းသားများကို ထောင်အာဏာပိုင်များက သေနတ်ဖြင့်ပစ်ခတ်ကာ နှိမ်နင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နှစ် ဦး အနည်းဆုံးသေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကိုလည်း ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာလည်း ထောင်အာဏာပိုင်များ၏ စွပ်စွဲမှုများဖြင့် ယနေ့အချိန်အထိ တိုက်ပိတ်ခြင်းခံထားရကြောင်း သိရသည်။

“ဧပြီ ၁၃ ကနေတွက်မယ်ဆို အနည်းဆုံးတစ်လကျော်ရှိပါပြီ။ ဒီလိုမျိုးမတရားသဖြင့် တိကျခိုင်မာမှုမရှိပဲနဲ့အာဏာပိုင်အလိုကျ တိုက်ပိတ်ခံရတဲ့အခြေအနေတွေ၊ နိုင်ငံရေးအကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရထားမှုကို ကျူးလွန်‌သူတွေက နစ်နာသူတွေပမာ ပြန်ပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို အရေးယူတဲ့ကိစ္စရပ်တွေဟာ လုံးဝလက်မခံသင့် တဲ့ကိစ္စရပ်မျိုးဖြစ်တယ်လို့ ပြောချင်တယ်” ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မကွေးထောင်တွင်းရှိ ရိုက်နှက်နှိပ်စက်မှုများ ရပ်တန့်နေသော်လည်း ထောင်ဝင်စာ ပို့ခွင့်ပိတ်ပင်ခြင်း၊ ဧည့်တွေ့ခွင့်ပိတ်ပင်ခြင်းများကို ပြုလုပ်ထားပြီး နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ရေသန့်ရရှိခြင်းမရှိသည့်တွက် သောက်ရေများကိုဈေးကြီး ပေးဝယ်နေကြရပြီး အိမ်သာရေများအသုံးပြုကာ ရေချိုးနေကြရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။

‌မကွေးထောင်အနီးတိုက်ပွဲကြောင့် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ဦးဝင်းဝင်းနှင့်ကိုဖြိုး တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့မှာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည့်အတွက် လက်ရှိအချိန်အထိ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။

“နိုင်ငံရေးအကျဉ်းသားသေဆုံးမှု၊ ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့သူတွေဟာလည်းခုချိန်ထိအရေးယူခံရတယ်ဆိုတဲ့ကိစ္စရပ်ကိုမတွေ့ရသေးဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အကျဉ်းထောင်တွင်းမှာ ဒီလိုလက်လွတ်စပယ်ကျူးလွန်တဲ့ကိစ္စရပ်တွေကို ပြည်သူလူထုအနေနဲ့ရော တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ကော ထိရောက်တဲ့အရေးယူမှုတွေလုပ်ကြဖို့ပြောချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။

စစ်ကောင်စီကအာဏာသိမ်းပြီး လေးနှစ်ကျော်ကြာကာလအတွင်း တော်လှန်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၉၁၈၈ ဦးအထိရှိခဲ့ပြီး ၂၂၀၅၅ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အင်တာနက်

#မကွေးထောင် #စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသား #သေဆုံး #တိုက်ပိတ် #AAPP #Ayeyarwaddy_Times