
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ဖားကန့်မြို့နယ်ကို အင်အား ၆၀၀ နီးပါးသုံး၍ စစ်ကြောင်းသုံးခုခွဲကာ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်ကြောင်းတစ်ခုမှာ ဖားကန့်မြို့အဝင်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ ယမန်နေ့ မေ ၂၇ရက် နံနက်ပိုင်းတွင် လုံးခင်းကျေးရွာ အနီးကို အင်အား ၁၀၀ ခန့်ဖြင့်ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် အင်အား ၁၀၀ ခန့်သာကျန်ရှိပြီး လုံးခင်းကျေးရွာအထိရောက်ရှိလာခြင်းဖြစ်သည်။
“ကာမိုင်းဘက်က တက်တဲ့စစ်ကြောင်း ရောက်လာတာပြောတယ်ခင်ဗျ။ အင်အား ၁၀၀ လောက်ရှိတယ်။ ယမ်းချက်ရုံ ဘက်ရောက်လာတယ်။ လမ်းမှာ လေယာဉ်ပစ်ကူနဲ့ အားကိုးတက်လာလို့ ဒီလောက်ကျန်တာနေမယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လယ်ပြင်၊ ဖန်းခါးဆောင်၊ ငြိမ်းချမ်းသာယာကျေးရွာများမှ ဒေသခံများကို KIA က စစ်ဘေးရှောင်ကြရန် သတိ ပေးမှုများရှိကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ အင်အားထပ်တိုးပို့ဆောင်မှုများရှိနိုင်သလို ဖားကန့်ဗျူဟာမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများပြုလုပ်လာနိုင်ကာ ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် KIAက စစ်ရှောင်ကြရန် အသိပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ မေ ၂၆ရက် နံနက်အစောပိုင်းတွင် လုံးခင်းရှိ စစ်ကောင်စီ၏ ရဲစခန်း လက်နက်ကြီးကုန်းကို KIAက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုံစာ-လုံးခင်းယမ်းချက်နားကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့
#ဖားကန့် #လုံးခင်း #KIA #စစ်ကောင်စီ #အင်အား၁၀၀ #ဒေသခံများ #စစ်ရှောင် #Ayeyarwaddy_Times