ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ခြေရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းရကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ မေ ၂၇ ရက်တွင် ထုတ်ပြန်သည်။

လာမည့် မေ ၂၉ နှင့် ၃၀ ရက်များတွင် လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ခြေ ရာနှုန်းပြည့်ရှိပြီး ကုန်းတွင်းဝင်ခါနီးဖြစ်ပေါ်တတ်သည့် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအပါအဝင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေသဖြင့် တိုင်းနှင့် ပြည်နယ်တို့တွင် ရာနှုန်းပြည့် မိုးရွာမည်ဖြစ်ကြောင်း ယင်း၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မေ ၂၇ ရက်မှ ဇွန်လ ၂ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ လှိုင်းအမြင့်ပေ ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအပါအဝင် ရေကြီး ရေလျှံမှုကို ကြိုတင်သတိထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ
#ဘင်္ဂလားပင်လယ်အော် #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ် #မိုးကြီးနိုင် #Ayeyarwaddy_Times