ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဒလန်သူလျှိုများ စိမ့်ဝင်စေကာ သတင်းအချက်အလက် ရယူသည့် ထောက်လှမ်းရေးလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နေသည်ကို အချက်အလက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (Mandalay People’s Defence Force-MDY PDF) က ထုတ်ပြန်အသိပေးလာသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် မန္တလေး PDF အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် စေလွှတ်ထားသည့် ဒလန်၊ သူလျှိုများသည် ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာကြပြီး တည်နေရာများ ရယူခြင်း၊ အချင်းချင်းကြား သွေးကွဲစေရန် လုပ်ဆောင်ခြင်းနှင့် တပ်ဖွဲ့ကို စွန့်ခွာစေရန် စည်းရုံးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ဒလန်၊ သူလျှိုများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးမှုရရှိစေရန် ကြိုးစားအားထုတ်ပြီး အမည်ရင်းများ၊ နေရပ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို တောင်းယူစုဆောင်းရုံသာမက သင်တန်းကာလတစ်လျှောက်တွင်လည်း တပ်ဖွဲ့မှ စွန့်ခွာစေရန် အတွေးအခေါ်များကို သင်တန်းသား အချင်းချင်းကြား ဖြန့်ဝေမှုများ ပြုလုပ်ကြောင်း မန္တလေး PDF က အသိပေး ဖော်ပြထားသည်။

၎င်းတို့သည် တပ်ပြေးအဖြစ် တပ်ဖွဲ့မှ စွန့်ခွာကာ အခြားသော တပ်ဖွဲ့ဝင်လူငယ်များကိုပါ သွေးဆောင်ဖြားယောင်း၍ တပ်ပြေးမှုဖြစ်စေရန် လှုံ့ဆော်ခြင်းနှင့် တပ်ပြေးရာတွင် လမ်းကြောင်းအကူအညီများ ရှာဖွေပေးခြင်းတို့ကိုပါ စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ သတင်းနှိုက်ယူနေသည့် ပုံစံမှာ တပ်ပြေးရဲဘော်များမှတစ်ဆင့် တပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး တည်နေရာများကို ထောက်လှမ်းစုံစမ်းခြင်း၊ အကောင့်အတုများ ဖန်တီးကာ ထောက်လှမ်းခြင်း၊ တပ်ပြေးရဲဘော်များမှ တပ်ဖွဲ့ဝင်များထံ လာရောက်လည်ပတ်မည်ဟု လိမ်လည်ကာ တည်နေရာ ထောက်လှမ်းခြင်း၊ ဆေးကုသမှုခံယူနေသော တပ်ဖွဲ့ဝင်များအား လူနာမေးရန် (သို့မဟုတ်) တပ်ဖွဲ့ဝင်များ၏ မိတ်ဆွေဟန်ဆောင်၍ ဆေးရုံတည်နေရာများ၊ တပ်တည်တပ်လှုပ်ရှားမှုများကို ထောက်လှမ်းစုံစမ်းခြင်း၊ သမီးရည်းစားပုံစံမျိုး ချဉ်းကပ်ကာ ထောက်လှမ်းခြင်း၊ တပ်ရင်းအသစ်ဖွဲ့စည်းထားသည်ဟု လိမ်လည်ကာ တပ်ပြောင်းရွှေ့ရန် စည်းရုံးလှုံ့ဆော်၍ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ်များကို စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးက ကြိုးကိုင်ကာ အနီးကပ်လမ်းညွှန်မှုများ ပေးနေခြင်းဖြစ်ပြီး ဒလန်၊ သူလျှိုများမှာ အသက်အရွယ်အားဖြင့် ၂၀ ဝန်းကျင်ရှိသည့် လူငယ် အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

မန္တလေး PDF အနေဖြင့် စစ်ကောင်စီ၏ အသွင်ယူ ထောက်လှမ်းခြင်းကို ခံခဲ့ရသော်လည်း အချိန်မီသိရှိခဲ့သည့်အတွက် တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ စနစ်တကျ စောင့်ကြည့် ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ဖော်ထုတ်တွေ့ရှိထားသည့် စစ်ကောင်စီ၏ အသွင်ယူထောက်လှမ်းမှု ယန္တရားပုံစံကိုလည်း အခြားသော တော်လှန်ရေးတပ်ဖွဲ့များ နမူနာယူ၍ လုံခြုံရေး အစီအမံများ ချမှတ်နိုင်စေရန် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။

ပုံစာ-မန္တလေး PDF က စနစ်တကျ စောင့်ကြည့် ဖော်ထုတ်ထားသည့် အချက်အလက်များ၊
#စစ်ကောင်စီ #သတင်းပေး #ဒလန် #သူလျှို #အသွင်ယူ #ထောက်လှမ်း #ဖမ်းမိ #ဖော်ထုတ် #MDY_PDF #Ayeyarwaddy_Times