ဧရာဝတီတိုင်းမ်
မေ ၂၇ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် သုံးခုထက်မနည်းတွင် စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲများ လည်းဖြစ်ပွားလာသည့်အတွက် စစ်ကောင်စီက လက်နက်ကြီးစခန်းများကို တည်ဆောက်၍ ခံစစ် ပြင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ရေကြည်၊ သာပေါင်းနှင့် အသုတ်မြို့နယ် သုံးခုလမ်းဆုံဖြစ်သည့် တစ္ဆေ ချောင်းကျေးရွာ စာသင်ကျောင်းတွင် လက်နက်ကြီးစခန်း အခြေပြုရန် ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါစခန်းနေရာသည် စစ်ရေးအရ အရေးကြီး ဗျူဟာနေရာဖြစ်ပြီး သာပေါင်း မကျီးဇင်ဘက် သွား၍ရသလို စစ်ရေးပြင်းထန်နေသည့် ရေကြည်အမြောက်တပ်ဘက်သို့ တက်၍ရကြောင်းလည်း သိရသည်။

“စစ်ရေးလည်းပြင်နေတယ်။ အဲ့ဒီ့အပြင် ဈေးဝယ်ယူခွင့်ကို ထောက်ခံစာနဲ့ လုပ်ခိုင်းထားတယ်။ စက်သုံးဆီလုံးဝပေးမဝယ်ခိုင်းဘူး။ စစ်တပ်က ဒေသခံတွေ AA နဲ့ PDFတွေကို ထောက်ပို့မှာ အရမ်းကြောက်နေတယ်” ဟု သာပေါင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လေးမျက်နှာမြို့နယ် ပိန္နဲကွင်းကျေးရွာအနီးတွင်လည်း အင်အား ၅၀ခန့်ဖြင့် လက်နက်ကြီးစခန်း အခြေပြုထားကာ အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းမြို့တွင်လည်း လူအင်အား စုဆောင်းကာ စစ်သင်တန်းပေးနေပြီး မြို့ကို ခံစစ်မြို့အဖြစ်စီမံ ဆောင်ရွက်နေမှုများရှိကြောင်း သိရသည်။

အင်္ဂပူ၊ ကွင်းကောက် အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၅) အနီးတွင် လည်း စစ်အင်အားပို့ထားကာ စစ်သင်တန်းဆင်းများကို ရက်တိုသင်တန်းပေး၍ အင်အားတိုးချဲ့ ထားကြောင်း သိရသည်။

လက်ရှိတွင် အင်္ဂပူမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး၊ ငါးသိုင်းချောင်းအမြောက်တပ်အနီးနှင့် လေးမျက်နှာမြို့နယ်အစပ်တို့တွင် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီ၏အမြောက်ကုန်တစ်ခုအားတွေ့ရစဉ် (ပုံဟောင်း)

#ရေကြည် #သာပေါင်း #အသုတ် #စစ်ကောင်စီ #လက်နက်ကြီးစခန်း #အခြေပြု #Ayeyarwaddy_Times