
ဧရာတတီတိုင်းမ်
မတ် ၂၇ ရက်
အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီ ၅၄ ခုတို့သည် မြန်မာစစ်အုပ်စုကို လေယာဉ်ဆီနှင့် နည်းပညာများ အပါအဝင် အားပေးကူညီနေသည့် ကုမ္ပဏီများဖြစ်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ထားသည်။
အဆိုပါစီးပွားရေးလုပ်ငန်း ၅၄ ခုထဲမှ အချို့သည် ယခုအခါ ပထမဆုံးထုတ်ဖော်ခံရခြင်းဖြစ်ပြီး၊ ၄င်းတို့သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ သစ်လုပ်ငန်းကဏ္ဍ၊ မြေနေရာငှားရမ်းမှုနှင့် အခွန်ပေးချေမှုများမှတဆင့် အခွန်ဝင်ငွေများပံ့ပိုးပေးခြင်း၊ လေယာဉ်ဆီ၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများ ထောက်ပံ့ခြင်းတို့ဖြင့် ပြည်သူများအပေါ် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်လုပ်ငန်းစဉ်များကို အားပေးနေသည့် အာဆီယံနိုင်ငံများမှာ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ ကုမ္ပဏီများနှင့် အစိုးရများကပါ ကြံရာပါ ပတ်သက်နေကြောင်း သိရသည်။
အစီရင်ခံစာတွင် ဖော်ပြခံရသည့်ကုမ္ပဏီများစာရင်းတွင် ထိုင်းနိုင်ငံ၏ အစိုးရတစ်စိတ်တစ်ပိုင်းပိုင် PTTEP ပါဝင်နေသည်။ အဆိုပါကုမ္ပဏီသည် စစ်အုပ်စုနှင့် မိတ်ဖက် ဆောင်ရွက်၍ အရေးပါသည့် ကမ်းလွန်ဓါတ်ငွေ့စီမံကိန်းကြီးနှစ်ခုကို ကြီးကြပ်လုပ်ကိုင်သည်။ မိခင်ကုမ္ပဏီ PTT ထံ ဓါတ်ငွေ့ရောင်းချမှုမှ ရရှိငွေများဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ လျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီ ENRA Group သည် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့သိုလှောင်မှုနှင့် ပို့လွှတ်မှု အဆောက်အအုံများ ပံ့ပိုးကူညီခဲ့ပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များ အတွင်း မြန်မာနိုင်ငံသည် ကုမ္ပဏီ၏ အဓိကဝင်ငွေရင်းမြစ် ဖြစ်ခဲ့သည်။ ထို့အပြင် စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်တွင် စစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုးရှိသည့် ရေနံစည်ပေါင်း သုံးသန်းကျော်အား ရောင်းချ ထောက်ပံ့ခဲ့ပြီး၊ စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ်ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများအတွက် လောင်စာဖြည့် ကူညီခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ဗီယက်နမ်နိုင်ငံပိုင်ကုမ္ပဏီ Viettel Global Investment ၊ မလေးရှားနိုင်ငံ၏ MAMEE-Double Decker ၊ ထိုင်းနိုင်ငံ၏ CP Group ကုမ္ပဏီနှင့် စင်ကာပူကုမ္ပဏီ Krislite Group တို့သည် နိုင်ငံတကာက ပိတ်ဆို့ထားသည့် စစ်တပ်၏လုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်းများနှင့် ပူးပေါင်းလုပ်ကိုင်နေကြကြောင်း အစီရင်ခံစာက ဖော်ထုတ်ထားသည်။
“ကော်ပိုရိတ်တွေရဲ့ ကြံရာပါမှုကိုဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုကို သူတို့ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုအကြမ်းဖက်စစ်ဆင်ရေးအတွင်း အရပ်သား ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ သန်းပေါင်းများစွာကို နေရပ်စွန့်ခွာစေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ဖယ်ကျဉ်ဖို့ကြိုးပမ်းနေချိန်မှာ အာဆီယံဒေသတွင်း ကုမ္ပဏီတွေက စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးတွေ၊ စစ်အုပ်စုထိန်းချုပ်မှုအောက်က တရားမဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ပုံမှန်အတိုင်း စီးပွားဆက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မီဒီယာများကို ပြောသည်။
လက်ရှိတွင် အာဆီယံခေါင်းဆောင်များအစည်းဝေးကို မလေးရှားတွင် ကျင်းပနေပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိသည်ဟု မလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုထားပြီး အာဆီယံ၏ ဖိအားပေးဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုသည် ပြဿနာပြေလည်ရေးကို အထောက်အကူ မပြုကြောင်း NUG အစိုးရ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပြောဆိုထားသည်။
အာဆီယံအဖွဲ့ဝင်အစိုးရများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် လေယာဉ်ဆီရရှိနေမှုအား အမြန်ဆုံးဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုထားပြီး စီးပွားရေးကုမ္ပဏီများအနေဖြင့် စစ်အုပ်စုထံ ငွေပေးချေမှုအားလုံးကို ဖြတ်တောက်ရမည့်အပြင် လေယာဉ်ဆီရောင်းချပေးမှုကိုလည်း ရပ်တန့်ရမည်ဟု ဆိုသည်။
ဓာတ်ပုံ-လေယာဥ်ဖြင့်ဗုံးကြဲနေစဥ်
#မြန်မာစစ်အုပ်စု #လေယာဉ်ဆီ #နည်းပညာ #အားပေးကူညီ #ကုမ္ပဏီ၅၄ခု #အာဆီယံဒေသတွင်းကုမ္ပဏီ #JusticeFor Myanmar #Ayeyarwaddy_Times