
ဧရာဝတီတိုင်းမ်
(သံတောင်)၊ မေ ၂၇ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)အတွင်း ကယန်းပြည်သစ် အဖွဲ့ ၏ နယ်မြေချဲ့စခန်း ဂိတ်တိုးချဲ့လာခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အချိန်မီ ထိန်းသိမ်းပြုပြင်ကြရန်နှင့် စခန်းဖယ်ရှားရန် တပ်မဟာ-၂၊ သံတောင်မြောက်ပိုင်းအထူးတပ်ရင်းက ထုတ်ပြန်သည်။
သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၏ နယ်မြေအတွင်း ကယန်းပြည်သစ်ပါတီမှ နယ်မြေချဲ့စခန်း၊ ဂိတ်စခန်းတိုးချဲ့ တည်ဆောက်ခြင်းများရှိလာပြီး စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက်အနှောင့် အယှက်များ ဖြစ်လာစေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တပ်ဖွဲ့များကို ထိန်းသိမ်းပြုပြင်နိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
“အတည်ပြုလို့ရပါတယ်။ သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်တွေကပဲ မြေပြင်မှာပကတိ ဖြစ်နေ၊ ရှိနေတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေစွာနဲ့ ကိုင်တွယ်ဖြေရှင်း သွားပါလိမ့်မယ်” ဟု သံတောင်မြောက်ပိုင်းအထူးတပ်ရင်း၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် သံတောင်ကြီးမြို့နယ်၊ ငွေတောင်ရွာတွင် လာရောက်တိုးချဲ့ကာဖွင့်လှစ်ထားသည့် ကယန်း ပြည်သစ်အဖွဲ့၏ ဂိတ်စခန်းကို တစ်ပတ်အတွင်း ဖယ်ရှားပေးရန် သံတောင်မြောက်ပိုင်း အထူး တပ်ရင်းက ထုတ်ပြန်ပြောဆိုထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်လည်း တော်လှန်ရေးအရှိန်မြှင့်ရန် ထုတ်ပြန်ပြောဆို ထားပြီး ယခုစခန်းများဖယ်ရှားရန် ပြောဆိုချက်ကို လိုက်နာမှုမရှိဘဲ ၎င်းတို့စစ်ရေးလမ်းကြောင်းတွင် အနှောင့်အယှက်အဖြစ် ဆက်လက်ရှိနေပါက မည်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းကိုမဆို ရှင်းလင်း သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး(ပုံဟောင်း)
#သံတောင် #ဂိတ်စခန်း #ကယန်းပြည်သစ် #ဖယ်ရှား #တပ်မဟာ၂ #KNU #သတိပေး #Ayeyarwaddy_Times