ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၂၇ ရက်

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊မင်းသားကျေးရွာအုပ်စု နှင့် နတ်ကြီးစင်ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူ ၁၀၀၀ ကျော်သည် ဧပြီလအတွင်းက ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာစစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေး နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က မင်းသားကျေးရွာအုပ်စုအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် စိန်ဘုံရွာ၊ ဘုရားသုံးဆူရွာ၊ ဆင်စွယ်ရွာ၊ ကျောက်တလုံးရွာ၊ ရေငံကြီးရွာများရှိ ဒေသခံ ၁၀၀၀ ကျော်သည် နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရပြီး အရေးပေါ်အကူအညီလိုအပ်သူ ၅၀၀ ကျော် ကို ဒေါနတနင်္သာရီ -စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့က စားနပ်ရိက္ခာ များထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

အရေးပေါ်အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများရှိရာကို လူသားချင်းစာနာသူများမှ တစ်ဆင့် အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် မင်းသားအုပ်စုနှင့် နတ်ကြီးစင်အုပ်စုကျေးရွားမှ စစ်ဘေးရှောင်များသည် စစ်ရှောင်စခန်းဟူ၍ သီးခြားမရှိပဲ တောတောင် ၊ဥယျာဥ်ခြံများ၊ နီးစပ်ရွာမြို့ရွာများနှင့် ဆွေမျိုး တွေရှိရာများတွင် သွား ရောက်နေထိုင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခု မိုးရာသီတွင် တနင်္သာရီတိုင်း ဒေသအနှံ့မှ စစ်ဘေးရှောင်နေရဆဲဒေသခံများ၊ စစ်ရှောင် စခန်းများအတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကာ ပြီးခဲ့သည့် ဧပြီလအတွင်း တိုက်ပွဲနှင့် လေကြောင်းတိုက် ခိုက်မှုများကြောင့် ဒေ‌သခံ ၇၅,၃၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း FE5 Tanintharyi အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – ဒေါနတနင်္သာရီ -စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့။
ပုံစာ – ရေဖြူမြို့နယ် ၊မင်းသားကျေးရွာအုပ်စု အတွင်းရှိ စစ်ဘေးရှောင်များကို စားနပ် ရိက္ခာကူညီနေပုံ။
#ရေဖြူမြို့နယ် #မင်းသားရွာအုပ်စု စစ်ဘေးရှောင်ပြည်သူများ #အခြေခံစားနပ်ရိက္ခာများ #ထောက်ပံ့ #Ayeyarwaddy_Times