
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရရှိသည့် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် ပြီးခဲ့သည့် မေ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းက နှစ်စဉ် ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) သည် မြန်မာပြည်သူများအပေါ် ကိုယ်ကျိုးမဖက်ဘဲ အလုပ်အကျွေးပြုပြီး မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပေးအပ်သော ဆုတစ်ဆု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသည့် အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေးဦးဆောင်မှုများအပေါ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရေးအဖွဲ့က ကျေးဇူးတင်စကား ဆိုခဲ့ပြီး စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေသည့် စိတ်ခွန်အားကို ဦးညွှတ်ဂုဏ်ပြုခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နှင့် ပြည်ပရောက်တိုင်းရင်းသား မြန်မာမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အတူ အကျဉ်းထောင်ထဲတွင် စစ်ကောင်စီ၏ အကျဉ်းချခြင်း ခံထားရသည့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကိုလည်း အမေရိကန်အခြေစိုက် Bard ကောလိပ်က ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုဖြစ်သော Laszlo Z. Bito Award ပေးအပ်ခဲ့ကြောင်းကို သိရသည်။
အဆိုပါဆုကို အကျဉ်းချခံထားရသည့် ဦးဘိုဘိုငယ်ကိုယ်စား အမေရိကန်နိုင်ငံအခြေစိုက် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ လက်ခံရယူမည်ဟု ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ဖြစ်သည့် Bard ကောလိပ်က ထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် Bard ကောလိပ်သည် ဟန်ဂေရီနိုင်ငံဖွား စာရေးဆရာ၊ သိပ္ပံပညာရှင်နှင့် လွတ်မြောက်ရေးတိုက်ပွဲဝင် Laszlo Z. Bito ကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်နေခြင်းဖြစ်သည်။
အရပ်သားအစိုးရ NLD လက်ထက်တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘိုဘိုငယ်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီသည် ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီးနောက် အကျင့်ပျက်ခြစားမှုပုဒ်မဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ကာ မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ဦးဘိုဘိုငယ်သည် လက်ရှိတွင် နှလုံးနှင့် သွေးတိုးရောဂါ ခံစားနေရသူ ဖြစ်သည်။
#ပြည်သူ့ဂုဏ်ရည်ဆု #ဒေါ်အောင်ဆန်းစုကြည် #ကိုယ်စား #ကိုထိန်လင်းဆုယူ #ဦးဘိုဘိုငယ် #Laszlo_Z._Bito #ဆုချီးမြှင့်ခံရ #Ayeyarwaddy_Times