ဧရာဝတီတိုင်းမ်
မေ ၂၇ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ရက်မှစ၍ တိုက်ပွဲအချို့ရှိနေပြီး စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့ဆက်မတိုးနိုင်ဘဲ ပဇီရွာဘက်သို့နောက်ဆုတ်ထွက်ပြေးရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်တပ်က အပစ်ရပ်ကာလအတွင်း အင်အားစုတာနဲ့ စစ်ကြောင်းထိုးတာ ဆက်တိုက်လုပ်နေတယ်။ နတ်ရေကန်ဗျူဟာကို ရိက္ခာစုပုံပို့ပြီး ပြန်ဖြန့်တဲ့ပုံစံလုပ်ထားတာ။ ဂုတ်ကြီးနဲ့ ပဇီဘက်ကနေလည်း စစ်ကြောင်း‌ တက်လာတာ ပြန်ဆုတ်သွားရတယ်” ဟု ‌စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AAနှင့်ပူး​ပေါင်းတပ်များသည် ယမန်​နေ့ ​မေ ၂၆ရက်​နေ့က နတ်​ရေကန်ဗျူဟာအနီးရှိ ကာကင်းစခန်းတစ်ခုကို သိမ်းယူလိုက်​ကြောင်း သိရသည်။

“မနေ့ကမနက်ပိုင်းထိ ဂုတ်ဝဘက်ကို စစ်တပ်က ပစ်ရှင်းရှင်းပြီး တက်တာလာတယ်။ ထိတွေ့တိုက်ပွဲကြောင့် ပစ်ခတ်တက်တာလား စိစစ်မေးမြန်းနေပါတယ်။ ပစ်ခတ်နေတာတော့မှန်ပါတယ်။ နတ်ရေကန်ဘက်စစ်ကြောင်းကတော့နောက်ပြန်ဆုတ်ထားရတယ်လို့ သိထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပျဉ်းဝစစ်ဆေးရေးဂိတ်ကိုလည်း ဖြတ်သန်းခွင့်မပေးတော့ဘဲ ယာယီပိတ်ထားလိုက်ပြီး နတ်ရေကန် အနီးကို လေကြောင်းပစ်ကူနှင့် ဒရုန်းဗုံးကြဲချတိုက်ခိုက်ခြင်းများပါပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ငဖဲမြို့နယ်အတွင်းကို စစ်အင်အားအပြည့် စစ်ကား အစီး ၂၀ဖြင့် အင်အားဖြည့် စစ်ကူပေးလာပြီး အဆိုပါ စစ်ကားအစီး ၂၀ပါစစ်ယာဉ်တန်းသည် အမတ ၄၀၉ အမြောက်တပ်အတွင်း ယာယီအခြေပြုနေထိုင်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

#ငဖဲ #နတ်ရေကန်ဗျူဟာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #နောက်ဆုတ် #အင်အားပို့ #Ayeyarwaddy_Times