
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
ကိုဗစ်-၁၉ ရောဂါကို ဒေသအတွင်း ပုံမှန်ကူးစက်မှုဖြစ်ပွားသည့် ရောဂါအဖြစ် သတ်မှတ်လိုက်ပြီး အသက် ၆၀ နှင့်အထက်ရှိသူများ၊ ကိုယ်ဝန်ဆောင်များကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရာမှ ယခုအခါတွင် ဒေသတွင်း ပုံမှန်ကူးစက်မှုဖြစ်ပွားတတ်သည့် ရောဂါအဖြစ် သတ်မှတ်ထားကြောင်း မေ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုတစ်ပတ်အတွင်း ကိုဗစ်လူနာ ခြောက် ဦး တွေ့ရှိခဲ့၍ အဆိုပါ ကိုဗစ်လူနာ ခြောက် ဦးသည် ဒဂုံ၊ အင်းစိန်၊ သာကေတ၊ ကော့မှူး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့မှဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
မေလ ၁၈ ရက်မှ ၂၅ ရက်အတွင်း ကိုဗစ်သံသယရှိသူ နမူနာစုစုပေါင်း ၂,၇၅၄ ခုကို ဓာတ်ခွဲစစ်ဆေးရာတွင် ကိုဗစ်-၁၉ လူနာအသစ် ၆ ဦး တွေ့ရှိခဲ့ပြီး ယင်းကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသော လူနာနှင့် သေဆုံးလူနာမရှိသေးကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေရှိသော အသက်အရွယ်ကြီးသူ အသက် ၆၀ နှင့်အထက် အပါအဝင် ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဦးစားပေးအဆင့် ထိုးနှံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” ကိုဗစ်ကာကွယ်ဆေးကနှစ်ကြိမ်ထိုးထားပြီးတယ်။ နောက်ထပ်ထိုးတာ တော့မရှိဘူး။ Booster ထိုးဖို့ကကိုယ့်ဘာသာထိုးရမလားမသိဘူး။ စစ်ကောင်စီက ကာကွယ်ဆေးထိုးဖို့နှိုး ဆော်တာမရှိဘူး” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားမှု၊ ရောဂါလက္ခဏာပြင်းထန်မှု၊ အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် ဒေသတွင်း အမြစ်တွယ်ကူးစက်မှု (Endemic) ပုံစံသို့ ပြောင်းလဲလာပြီး မကြာခဏ မျိုးရိုးဗီဇပြောင်းလဲ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက် ထွက်ပေါ်နေသည်နှင့်အမျှ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကို ကမ္ဘာ့နိုင်ငံအများ အပြားတွင် ကူးစက်မှုဖြစ်ပွားနေကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စသည့် ဒေသတွင်းနိုင်ငံအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်လာကြောင်းသိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှ မေလအတွင်း ကိုဗစ်-၁၉ လူနာ ၁၈၆,၉၅၅ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၆ ဦးရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် ကြိုတင်ကာကွယ်ရန် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးထားသည်။
လက်ရှိတွင် ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်နိုင်ခြေရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်း ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။
ထို့ပြင် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်းတို့ကို ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ရမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားမှုကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။
ဓာတ်ပုံ – ကြက်ခြေနီ (ပုံဟောင်း)
#ကိုဗစ်၁၉ #မြန်မာ #ဒေသတွင်းပုံမှန်ကူးစက်မှု #အသက်၆၀ #Ayeyarwaddy_Times