မောင်လင်းသက်/ဧရာ၀တီတိုင်းမ်
မေ ၂၇ ရက်

“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံ့ ဝင့်လို့ ချီ ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း ။ ”

အနောက်တောင်ဘက်ဆီမှာ မုတ်သုန်လေများ တိုက်ခတ်လာပါပြီ ။ ဇွန်လရဲ့ မိုးရေစက်တွေဟာ မကြာမီ အချိန်အတွင်းမှာ ကျောင်းစာသင်ခန်း တံခါးကို တွန်းဖွင့်ပေတော့မည်။

အဖြူနဲ့အစိမ်းကို ဝတ်လို့ ၊ လွယ်အိတ်ကို စလွယ်သိုင်း သနပ်ခါး ပါးကွက်ကျားနဲ့ ပျော်ရွှင်စွာ ပြေးလွှားခဲ့ဖူးသော ကျောင်းသားနေ့ရက်များကို ပြန်အမှတ်ရမိနေသည်။

ကျောင်းတတ်ခေါင်းလောင်းထိုးသံ ၊ ဆရာ၊ ဆရာမ တို့ ၏ ကြိမ်လုံးသံ ”တရွှမ်းရွှမ်း” ၊ သူငယ်ချင်းများနဲ့ လုံး ထွေး တိုက်တွန်းရင်း ပြေးလွှား ဆော့ကစားခဲ့သော ကျောင်းဘောလုံးကွင်း ။ ပန်းကလေးတွေ ဖူးလာသလို ၊ ဖူးရာကနေ တစ်ဆင့် ပန်းကလေးတွေ လှလှပပ ပွင့်လန်းလာသလို ကလေးငယ်တိုင်း ဖြတ်သန်း ခွင့် ရသင့်သော အမှတ်တရများသည် စာသင်ခန်း ဆီမှ စတင်လာခဲ့မည် ဆိုလျင် မှားနိုင်မည်မဟုတ်ပေ။

“အနာဂတ်သည် မိမိတို့ အိပ်မက်များ၏ လှပမှုကို ယုံကြည်သူများအတွက် ဖြစ်သည်” ဟု အမေရိကန်ပြည်ထောင်စု၏ ၃၂ ယောက်မြောက် သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ (Franklin D. Roosevelt) ၏ ဇနီး ဖြစ်သူ အဲလီနာ ရုစဗဲ့ (Eleanor Roosevelt) ကပြောခဲ့ဖူးသည်။

ထိုစကားအရ ဆိုလျှင် စာသင်ကျောင်းသည် ကလေးငယ်များ၏ အနာဂတ်နေရောင်ခြည်များကို ရွှေရည်များ လောင်းချ သွန်းဖြိုးပေးသော နေရာလည်း ဖြစ်သည် ။

“သမီးက ကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်တယ် ။ အဲဒါမှ အဖေ့ရဲ့ ရောဂါကို ကုပေးလို့ရမှာ” လို့ အသက် ၁၀ နှစ် အရွယ် ပထမတန်း ကျောင်းသူ မခိုင်နှင်းဝေ က သူ့ရင်ထဲက ဆန္ဒကို တိုးညင်းစွာ ပြောလာသည်။

ရာသီဥတုဒဏ်၊ အာဟာရချို့တဲ့မှုနှင့် ဆေးဝါးမလုံလောက်မှုတို့ကြောင့် ရောဂါရင့်လာသည့် အဆုပ်ရောဂါသည် ဖခင်အားပြုစုနေရသော သူ၏ မျက်ဝန်းတွင် မျက်ရည်စများ ဝဲတက်လာသည်။

နေရောင်တောက်ပသော သူ့ရဲ့ အိမ်မက်လေးသည် မလုံခြုံသော ဝါးဓနိအိမ်၏ ယိုင်နဲ့နဲ့ ပေါက်ပြဲနေသော ထရံလေးကြားထဲမှ တိုးတိတ်စွာ ထွက်ပေါ်လာခြင်းသာဖြစ်သည်။

စစ်တပ်၏ အာဏာတပ်မက်မှုလှိုင်းလုံးများသည် ၂၀၂၁ ခုနှစ်မှစတင်ကာ ယနေ့တိုင် မြန်မာပြည်သူများ၏ ဘဝကို ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိသည်။ မခိုင်နှင်းဝေကဲ့သို့ပင် တစ်နိုင်ငံလုံးရှိ ကလေးငယ်များသည် စစ်အာဏာသိမ်းမှု၏ ရက်စက်သော အကျိုးဆက်များကို နေ့စဉ် ရင်ဆိုင်နေရသည်။

ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် ၎င်းတို့၏ နုနယ်သော အနာဂတ်ကို မှောင်မိုက်စေရုံသာမက မျိုးဆက်သစ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆိုးဆိုးရွားရွား နှောင့်နှေးစေကာ စာသင်ကျောင်းများသည်လည်း လက်နက်ကိုင် ပဋိပက္ခများ၏ ပစ်မှတ်များအဖြစ် ပါဝင်လာကြသည်။

တိုက်လေယာဉ်သံများသည် ကလေးငယ်တို့၏ စာသင်ကျောင်းမှ ပျော်ရွှင်စွာ ကျောင်းစာ ရွတ်ဆိုသံများကို ဆိတ်သုဉ်းစေခဲ့လေသည်။

မြန်မာပြည် လွတ်လပ်ရေးခေတ်နောက်ပိုင်းမှ ယနေ့တိုင် ကာလကြာရှည်စွာ ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်းစစ်ပွဲများအနက် စစ်အာဏာရှင်များ၏ ရာဇဝင်တွင် မကြုံစဖူး စခန်းသိမ်းခံရခြင်း၊ နယ်မြေ အမြောက်အများ လက်လွတ်ခံရခြင်းတို့က မိမိတို့ ရှုံးနိမ့်မည်ဟု မထင်မှတ်ထားသော စစ်ဗိုလ်ချုပ်များအတွက် ခြောက်အိပ်မက်သဖွယ် ဖြစ်လာခဲ့လေပြီ။

အာဏာသိမ်း စစ်ကောင်စီသည် “ကြွက်မနိုင်ကျီမီးရှို့” ဆိုသည့် စကားအတိုင်း တော်လှန်ရေး နယ်မြေများအပါအဝင် အရပ်သား ပစ်မှတ်များကိုပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများအား ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများကို ပြင်းပြင်း ထန်ထန် လုပ်ဆောင်ကာ တစ်တိုင်းပြည်လုံးကို မီးဟုန်းဟုန်းတောက်စေခဲ့သည်။

ထိုမီးတောက်မီးလျှံများ၏ အရှိန်သည် ကျေးရွာများအပါအဝင် မြို့ပြများအထိ ဆင်းရဲကျပ်တည်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး မခိုင်နှင်းဝေ တို့ကဲ့သို့သော အနာဂတ်ပန်းပွင့်လေးများသည် စစ်ကောင်စီ ကြဲချလိုက်သည့် ဗုံးဆံများ၊ ပစ်ခတ်လိုက်သည့် အမြောက်ဆံများ အောက်တွင် ပို၍ ညှိုးနွမ်းခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်ကာ ယနေ့အထိ စစ်ဘေးရှောင်ရသူဦးရေသည် တစ်ရက်နှင့်တစ်လ၊ တစ်လနှင့်တစ်နှစ် တစ်စထက်တစ်စ တိုးပွားလျက်ရှိသည်။

စစ်တမ်းများအရ တစ်နိုင်ငံလုံး၌ စစ်ဘေးရှောင်ပြည်သူ ၃ ဒသမ ၉ သန်းကျော်ရှိပြီး ၎င်းတို့အနက် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသော ကလေးငယ်အရေအတွက်မှာ ဘယ်လောက်ပါဝင်နေမည်ကို မပြောဆိုနိုင်ပေ ။

ထို့အတူ စီးပွားရေးကျပ်တည်းလာသော မြို့ပြဒေသများရှိ ကလေးငယ်များသည်လည်း စာသင်ခန်းများအစား လုပ်ငန်းခွင်သို့ ရောက်ရှိနေကြသည်။ ကျောင်းသင်ခန်းစာများကို သင်ယူ လေ့လာရမည့်အစား စားဝတ်နေရေးအတွက် လုံးပမ်းနေကြရသည်။

စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းခန့်ရှိပြီး ၎င်းတို့၏ ၅၈ဒသမ ၃ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ ၂၄ ဒသမ ၂ ရာခိုင်နှုန်းသည် ဝန်ဆောင်မှုကဏ္ဍနှင့် ၁၇ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

ယောက်ျားလေးများသည် အများအားဖြင့် လက်ဖက်ရည်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြပြီး မိန်းခလေးများသည် စားသောက်ဆိုင်နှင့် အထည်ချုပ်စက်ရုံများတွင် အများဆုံး လုပ်ကိုင်ကြသည်ဟုလည်း စစ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေ ဆိုးရွားလာခြင်း၊ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာခြင်းနှင့် နေရပ်စွန့်ခွာသူဦးရေ သိသိသာသာ မြင့်တက်လာခြင်းတို့ကြောင့် ကလေးအလုပ်သမားအန္တရာယ် ပိုမိုမြင့်တက်လာသည်။

စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသူများ ထွက်ပြေးကြသည့်အတွက် ကလေးများသည် အိမ်ထောင်စုများ၏ ယိုင်နဲ့သွားသော စားဝတ်နေရေးကို အစားထိုး ဝင်ရောက်ထမ်းဆောင် နေကြရသည်ဟု သုံးသပ်ကြသည်။ ကလေးငယ်များ၏လှပသော အိပ်မက်များသည်လည်း မိုးထဲ လေထဲတွင် ဆပ်ပြာပူပေါင်းလေးသဖွယ် ပျောက်ကွယ်ခဲ့ကြရသည် ။

ဤကဲ့သို့ ပညာရေးဆုံးရှုံးမှုသည် ရေရှည်တွင် နိုင်ငံ၏ လူ့အင်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို များစွာ ထိခိုက်လာမည်ဖြစ်သည်။

“ကျွန်မတို့ကတော့ အသက်ကြီးနေပါပြီ။ ဘာမှလည်း မမျှော်လင့်ချင်တော့ပါဘူး။ သမီးလေးကိုတော့ သူဖြစ်ချင်သလို ပညာတတ်ကြီး ဖြစ်သွားစေချင်တယ်” လို့ အင်ဖက် ခေါင်မိုးလေး အောက်က အလင်းရောင်မှိန်ပြပြကို အားကိုး၍ စာကြည့်နေသည့် မခိုင်နှင်းဝေကို ငေးကြည့်ရင် မိခင်ဖြစ်သူက ဆိုသည်။

သို့သော်လည်း လက်နက်ကြီးသံများ၊ လေယာဉ်သံများကြားတွင် ကြောက်ရွံ့တုန်ခါနေရသော သူတို့၏ ရွာလေးလိုပင် သူတို့၏ အနာဂတ်မှာလည်း သေချာမှုမရှိလှပေ။ ထို့အတူ အရည်အချင်းပြည့်မီသော ဆရာ ဆရာမ ရှားပါးခြင်း၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံခြင်းစသည့် အခက်အခဲများကို အံတုကာ ကျဉ်းမြောင်းစွာ စီးဆင်းနေရသော သူတို့ရွာ၏ ခနော်ခနဲ့ စာသင်ကျောင်းလေးသည်လည်း တိုက်လေယာဉ်များ၏ ဗုံးဆံများ ကြားထဲတွင် ရေရှည်တည်တံ့နိုင်မည်လား ဆိုသည်မှာလည်း မသေချာ။

မကြာသေးခင်ကပင် လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်း တွင်းတောင်ရွာက ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ် ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့သည့် အဖြစ်အပျက်က သူတို့ကို ခြောက်လှန့်နေဆဲပင်။

“ကျောင်းက လောလောဆယ်တော့ ပိတ်ထားတုန်းပဲ။ ဖွင့်ရင်တောင် သမီးကို လွှတ်ဖို့ မသေချာဘူး။ အနီး အနားမှာက တိုက်ပွဲမဖြစ်ရင်တောင် ဗုံးကြဲချင်ကြဲ၊ လက်နက်ကြီးနဲ့ ပစ်ချင်ပစ်နေတော့” ဟု မခိုင်နှင်းဝေ၏ မိခင်က ဆိုသည်။

မကြာမီ ကျောင်းဖွင့်ပေတော့မည်။ သို့သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ပေ။

အာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲနေခြင်းကြောင့် NUG ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်သည့် မြေပြင်စာသင်ကျောင်းများ အားလုံး ခေတ္တရပ်နားရမည်ဖြစ်သည်။

NUG ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် စာရင်းများအရ လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ် မြေများတွင် ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားပြီး NUG ပညာရေးကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူဦးရေ ခုနစ်သိန်းငါးသောင်းကျော်ရှိသည်။

မခိုင်နှင်းဝေတို့လိုပင် အကြောက်တရားနှင့် ရှင်သန်ကြီးပြင်းရသော ကလေးငယ်များအတွက် ပညာရေးသည် ဝေးလျက်ပင် ရှိသည်။

ပညာသင်ကြားရမည့်အစား ရက်စက်ကြမ်းကြုတ်မှုများက နုနယ်သော ကလေးငယ်တို့၏စိတ်ကို ဒဏ်ရာများ ပေးနေသကဲ့သို့ပင်။

စာသင်ကျောင်းသွားရာ လမ်းတစ်လျှောက်မှာလည်း ဗုံးဆန်မီးလျှံများနှင့်။

ငယ်ရွယ်သော စိတ်များသည် ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး ပုံမှန်ကလေးဘဝ၏ ရယ်မောသံများနှင့် ပျော်ရွှင်မှုများသည် တဖြည်းဖြည်း ဝေးကွာသွားလျက်ရှိသည်။

ညတိုင်း အိပ်မက်ဆိုးများ ထပ်ခါထပ်ခါ မက်ခြင်းနှင့် အလွယ်တကူ လန့်နိုးခြင်းတို့သည် ၎င်းတို့၏ နေ့စဉ်ဘဝကို ခြောက်လှန့်နေပေသည်။ ဤအခြေအနေများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ကလေးငယ်များ၏ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်ပေသည်။

“ သမီးလေးကိုတော့ သူဖြစ်ချင်သလို ပညာတတ်ကြီး ဖြစ်သွားစေချင်တယ်” လို့ ပြောလာတဲ့ မခိုင်နှင်းဝေ မိခင်၏ စကားသံများသည် မျှော်လင့်ချက်များဖြင့် ပြည့်နေသော်လည်း တစ်ဖက်မှာ ဆုတောင်းနေသလိုပင်။

ရှားပါးလှသော လူ့အခွင့်အရေးများကြားတွင် လုံခြုံစွာ ပညာသင်ကြားခွင့်ရဖို့သည်လည်း အခြားအရာများနည်းတူ ပျောက်ကွယ်နေဆဲပင်ဖြစ်ပြီး စစ်အာဏာသိမ်းမှု၏ ရက်စက်သော လှိုင်းလုံးများသည် ၎င်းတို့၏ နုနယ်သော ဘဝများကို ဆက်လက်ရိုက်ခတ်နေဆဲဖြစ်သည်။

မုန်တိုင်းမီးလျှံများကြားတွင်ပင် ဆရာဝန်ဖြစ်ချင်သည့် မခိုင်နှင်းဝေ၏ အိပ်မက်လိုမျိုး အခြားသော ကလေးငယ်များ၏ ရင်ထဲ၌လည်း မျှော်လင့်ချက်များသည် အနက်ရောင်ကောင်းကင်ကြီးထဲမှ ကြယ်ပွင့်လေးများသဖွယ် တည် ရှိနေပေလိမ့်မည်။

တစ်နေ့တွင် ထိုအိပ်မက်များ အမှန်တကယ် ဖြစ်လာမည့်အချိန်ကို ကလေးငယ်တို့ စောင့်မျှော်နေကြဆဲ ဖြစ်သည်။

ဗုံးသံတွေ အစား ကျောင်းတတ်ခေါင်းလောင်းထိုးသံများ နေခြည်လောင်းထားသလို ပြန် ပွင့်လန်းလာမယ့် တစ်နေ့နေ့ကို ကလေးငယ်တို့ စောင့်မျှော်နေကြသည်။

ထို့နေသည် တစ်နေ့နေ့တော့ ကျိန်းသေရောက်ရှိပေလိမ့်မည်။

#စစ်ဘီလူးတို့လက်ခုပ်ထဲကပန်းပျိုးဥယျာဉ် #ဆောင်းပါး #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times