
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
စစ်ကောင်စီက လေကြောင်းဖြင့် စာသင်ကျောင်းများကို ဦးတည်တိုက်ခိုက် ဗုံးကြဲသတ်ဖြတ်နေသဖြင့် ကလေးသူငယ်၊ ဆရာဆရာမများနှင့် ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု မရှိစေရေး ထိန်းချုပ်နယ်မြေများရှိ မြေပြင်ကျောင်းများ ယာယီပိတ်ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထံမှ သိရသည်။
NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်၌ ဖွင့်လှစ်သင်ကြားနေသော ကြားကာလပညာရေး ကျောင်းများအားလုံးကို ခေတ္တယာယီရပ်နား ပိတ်ထားရန် ယမန်နေ့ မေလ ၂၅ ရက်က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် စာသင်ကျောင်းများကို ဦးတည်၍ လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် ကလေးသူငယ်များ၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရ ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲ့ဒီအတွက်ကြောင့် NUG စိုးမိုးထိန်းချုပ် နယ်မြေအားလုံးမှာရှိတဲ့ အခြေခံပညာရော၊ အဆင်မြင့် ပညာရော ကျောင်းတွေအကုန် ပိတ်ထားဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ပညာရေး နောက်ကျမှာ စိုးရိမ်ရတယ်ဆိုပေမယ့် တစ်ဖက်မှာ အသက်ရှင်သန်ရေးက ပိုအရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကလေးလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် NUG အစိုးရက ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးလျက်ရှိပြီး စစ်ကောင်စီကမူ စာသင်ကျောင်းများ၊ ဆေးရုံများ စသည့်လူစုလူဝေး ရှိရာနေရာများကို ရွေးချယ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် စစ်ရာဇ၀တ်မှုကို နေ့စဉ်ဆိုးရွားစွာ ကျူးလွန်လျက်ရှိနေကြောင်း NUG က ထုတ်ပြန်ထားသည်။
ယင်းအခြေအနေများကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရန် ညွှန်ကြားချက်သည် နောက်ထပ် မထုတ်ပြန်ခင်အထိ အတည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ကူညီ ပူးပေါင်းပါဝင် ဖော်ဆောင်ပေးရန်နှင့် သင်ကြားသင်ယူမှုများ စဉ်ဆက်မပြတ်စေရေး ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ မှု ရှိခဲ့ပြီး အသက် (၁၈)နှစ်အောက် ကလေးငယ် ၄၄၁ ဦးအပါအဝင် ပြည်သူ ၃,၀၄၃ ဦးအထိ သေဆုံးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုများကြောင့် စာသင်ကျောင်းပေါင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ဆေးခန်း ၉၆ ခုနှင့် ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ရကာ မေ ၁၂ ရက်နှင့် ၁၃ ရက်အတွင်း၌ပင် လူအစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း NUG ထံက သိရသည်။
NUG ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄ နှစ် စာရင်းများအရ လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများတွင် ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားပြီး NUG ၏ ပြည်သူ့အခြေပြုပညာရေးကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူဦးရေ ခုနစ်သိန်း ငါးသောင်းကျော်ရှိကာ ဆရာ၊ဆရာမဦးရေ ခြောက်သောင်း ကျော်ရှိကြောင်း သိရသည်။
ပုံစာ-ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေး ရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲပြီးနောက် မြင်ကွင်း။
#စစ်ကောင်စီ #စာသင်ကျောင်းများ #ဗုံးကြဲတိုက်ခိုက် #ကလေးများ #အသက်ဆုံးရှုံးမှု #ကျောင်းများယာယီပိတ် #NUG #Ayeyarwaddy_Times