
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို သွားရောက်၍ တပ်တွင်းစည်းရုံးရေးများ လုပ်ဆောင်နေပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)-မိုင်း လားနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သည် လက်ရှိတွင် စစ်မီးမကူးစက်သေးသော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မေ ၂၃ ရက်ကတည်းက စစ်ခေါင်းဆောင် ရောက်ရှိနေခြင်းဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယခင်တြိဂံဒေသ တိုင်းမှူးဖြစ်ခဲ့ဖူးသော စစ်ခေါင်းဆောင်၏ ထိုခရီးစဉ်သည် တပ်တွင်း/တပ်ပြင်၊ ဒေသခံ ပြည်သူလူထုကို စည်းရုံးရေးဆင်းရန်ဖြစ်ပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နိုင်သည်ဟု CDM အရာရှိများနှင့် စစ်ရေးအကဲခတ်တို့က သုံးသပ်သည်။
အလားတူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင်လည်း ကျိုင်းတုံတပ်နယ်မှ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ၌ စစ်ခေါင်းဆောင်က မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးနေထိုင်ရန် ပြောဆိုကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းရာတွင် “တောင်ကြီး ဖဝါးအောက်” ဟူသည့် စိတ်ဓာတ်များ မွေးမြူ၍ ကျော်လွှားသွားကြရန် စစ်ခေါင်းဆောင်၏ ပြောဆိုချက်အရ သိရသည်။
“စစ်ကောင်စီမှာ အခုဆို နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေက တော်တော်များများ ပိတ်နေပြီ။ နောက်ဆုံးထွက်ပေါက်ဆိုလို့ တနင်္သာရီ၊ တြိဂံတိုင်းစစ်ဌာနချုပ်ရှိတဲ့ ကျိုင်းတုံ၊ ရန်ကုန် ဒီလောက်ပဲရှိတော့ တယ်” ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးပြီး မိုင်းလားအဖွဲ့-NDAA နှင့်လည်း ယမန်နေ့ မေ ၂၅ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံမှုတွင် စစ်ခေါင်းဆောင်က မိုင်းလားဒေသအတွက် ပညာရေး၊ ကျန်းမာရေး၊ ရာဘာကို အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား လိုအပ်သည်များ ထောက်ပံ့ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။
ယင်းအတူ NDAA ကလည်း တို့တာဝန် အရေးသုံးပါးအတွက် အဓိကထားပြီး ဒေသအတွင်း အခြားလက်နက်ကိုင်၊ နိုင်ငံရေးအဖွဲ့အစည်းများကို လက်ခံခြင်းမရှိသလို ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းသွားမည်ဟု ဆိုထားသည်။
“NDAA မူကတော့ အားလုံးနဲ့ သင့်မြတ်အောင် ပေါင်းရေးပါပဲ။ စစ်ကောင်စီနဲ့လည်း အဆက်အသွယ် မပြတ်ပါဘူး။ ဥက္ကဋ္ဌ ဦးစိုင်းလင်း ကွယ်လွန်တုန်းကလည်း EAOs/SAC တိုင်းမှူးတွေ အကုန်လာပြီး ဂါရဝ ပြုခဲ့ကြပါတယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မိုင်းလား-NDAA သည် ၎င်းတို့ထိန်းချုပ် ရှမ်းအရှေ့၊ အထူးဒေသ ၄ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်လည်း တောင်းဆိုထားကြောင်း သိရသည်။
ခုခံတော်လှန်မှုများကြောင့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်ခြောက်မှုများရှိနေပြီး တိုင်းစစ်ဌာနချုပ်အပါအဝင် နယ်မြေ၊ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံနေရသဖြင့် စစ်ခေါင်း ဆောင်သည် နယ်လှည့်စည်းရုံးရေးများ ဆင်းနေရကြောင်း သိရသည်။
“အရင် လားရှိုးကျတော့ သူတို့က ကြိဂံတိုင်းကို ပြင်ထားတာ၊ အကယ်၍ နေပြည်တော် ကျရင်တောင် ကြိဂံတိုင်းကို ပြင်ထားတယ် ဆိုတာမျိုး သတင်းရှိတယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက ထောက်ပြ သုံးသပ်သည်။
စစ်ခေါင်းဆောင် လက်ရှိရောက်ရှိနေသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သည် မိုင်းယောင်း၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းလားမြို့နယ်တို့နှင့် ဆက်စပ်နေပြီး တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နယ်စပ်ထွက်ပေါက်များ တည်ရှိနေသော ဒေသလည်းဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #တြိဂံတိုင်းစစ်ဌာနချုပ် #တပ်တွင်းစည်းရုံး #မိုင်းလားအဖွဲ့နှင့်ဆွေးနွေး #Ayeyarwaddy_Times