
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)(NMSP-AD) နှင့် မွန်လွတ်မြောက်ရေးတပ်တော်(MLA) တို့သည် စစ်ကောင်စီကို တိုက်ထုတ်ရန်နှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိသည့် မွန်ပြည်ပေါ်ထွန်းရန်ရည်ရွယ်ကာ ပေါင်းစည်းခဲ့ကြောင်း ပြီးခဲ့သည့် မေ ၂၄ ရက်နေ့က ထုတ်ပြန်သည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်MNLA(AD) နှင့် မွန်လွတ်မြောက်ရေးတပ်တော်(MLA)တို့ ပေါင်းစည်းကာ ရာမညမွန်တပ်တော်(Ramonnya Mon Army) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းအပေါ် မွန်ပြည်သူလူထုနှင့်အတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ကြိုဆိုဂုဏ်ပြု ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် ယခုအသစ်ဖွဲ့စည်း တည်ထောင်လိုက်သည့် ရာမညမွန်တပ်တော်ကို တော်လှန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NMSP(AD) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့ဝင်များပါဝင်သည့် NMSP(AD) နိုင်ငံရေးစစ်ရေးကော်မတီကိုဖွဲ့စည်းကာ ၎င်းတို့ဦးဆောင်မှုဖြင့်”ရာမညမွန်တပ်တော်” ၏ စစ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ရန် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ်-၁ ဗိုလ်မှူးကြီးစိုးဝင်း နှင့် ဒုစစ်ဦးစီးချုပ်-၂ ဗိုလ်မှူးကြီးကျည်ဆံ တို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး ရာမညမွန်တပ်တော်(NMSP-AD/RMA) အနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် မွန်ပြည် ပေါ်ပေါက်ရေးတို့အတွက် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့်အတူ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ – MLA၊ NMSP(AD)
#မွန်ပြည် #MLA #NMSPAD #ပူးပေါင်း #RMA #ဖွဲ့စည်း #Ayeyarwaddy_Times