ဧရာဝတီတိုင်းမ်
မေ ၂၆ရက်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ လက်နက်ကြီးတပ်ဆင်ထားသည့် စစ်ကောင်စီ၏ ရဲစခန်းကုန်းကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့များတပ်စွဲထားပြီး လက်နက်ကြီးများပါတပ်ဆင်ထားသည့် စစ်ကောင်စီ ရဲစခန်းကုန်းကို ယနေ့ မေ ၂၆ရက် နံနက် ၃နာရီခန့်တွင် KIA က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက်အစောပိုင်းကြီး KIAက စပြီးတိုက်ခိုက်လာတယ်လို့သိထားပါတယ်။ အဲဒီ့စခန်းကအင်အား များပါတယ်။ တစ်နာရီဝန်းကျင်လောက်ပစ်ကြတယ်ခင်ဗျ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ နာရီခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီက အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် KIA က တိုက်ခိုက်မှုကို ရပ်ထားခဲ့ကြောင်း သိရသည်။

KIA သည် ပြီးခဲ့သည့် ဧပြီလအတွင်းက အပစ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီစခန်း များကို စတင်တိုက်ခိုက်သည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ဖားကန့်ကိုဦးတည်၍ အင်အားထောင်ချီသုံးကာ စစ်ကြောင်းခွဲ၍တက်လာနေပြီး ရှေ့ပြေးစစ်ကြောင်း တစ်ခုမှာ နန့်တိန်းကျေးရွာအနီးသို့ ရောက်ရှိလာပြီဖြစ်သည်။

နန့်တိန်းကျေးရွာသို့ရောက်ရှိရန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူ များနှင့်ပါ ရှေ့တိုးလာရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့ စစ်ကြောင်းဖြတ်လာသည့် ကျေးရွာများမှ ဒေသခံနေအိမ်များကို ဖောက် ထွင်း၍ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ဖားကန့်ဘက်တွင်သာမက ဝိုင်းမော်မြို့နယ်အတွင်းကိုပါ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် မေ ၂၄ရက်နေ့က ဖြစ်ပွားခဲ့သည့် ခတ်ချိုရွာနှင့် လုမြန်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ဖားကန့် #လက်နက်ကြီးကုန်း #KIA #တိုက်ခိုက် #စစ်ကောင်စီ #Ayeyarwaddy_Times