
ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မေ ၂၆ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာကို ယမန်နေ့ မေ ၂၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၂ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
ကျွန်းကြီးရွာတွင် ကျင်းပပြုလုပ်နေသည့် ဒေသခံများ၏ မင်္ဂလာပွဲအခမ်းအနားကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ သတို့သား နှင့် သတို့သမီး အပါအဝင် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွာသားမင်္ဂလာဆောင်ပဲ။ လူစုလူဝေးလုပ်တဲ့ပုံစံမျိုးရှိနေတော့ သတင်းပေးရှိကောင်းရှိနိုင်တယ်။ လေယာဉ်က လာဝဲပြီးမှ ပစ်တာမဟုတ်ဘူး။ အဲ့ဒီအိမ်ကို တိုက်ရိုက်လာပစ်သွားတာ အဲ့လိုမျိုး တွေ့ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများတွင် အသက် ၆ နှစ် နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ် ဦးလည်း ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျွန်းကြီးရွာသည် လူဦးရေများပြားသည့် ရွာကြီးတစ်ရွာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်ဒေသမဟုတ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် လက်ရှိတွင် အရပ်သားများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး ပြီးခဲ့သည့် မေ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုတိန်တွင်းရွာ စာသင်ကျာင်း ဗုံးကြဲခံရမှုဖြစ်စဉ်တွင် စာသင်ကြား နေသည့် ကလေးငယ် ၂၂ ဦး နှင့် ဆရာမ နှစ် ဦးသေဆုံးခဲ့ရသည်။
ဓာတ်ပုံ – ပေးပို့
#ကျောက်ကြီး #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #မင်္ဂလာဆောင် #သေဆုံး #ဒေသခံ #Ayeyarwaddy_Times