
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာရွာတွင် ယမန်နေ့ မေလ ၂၅ ရက် နံနက် ၁၁ နာရီခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူများမှာ အသက် (၆၅) နှစ်အရွယ် ဦးဌေးမြင့်နှင့် ဇနီးဖြစ်သူ (၆၁) နှစ်အရွယ် ဒေါ်ယဉ်ရွှေတို့ ဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ် သမက်ဖြစ်သူက ကားဖြင့်ရောက်လာကာ ၎င်းတို့နှစ်ဦးအား ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။
ဒေါ်ယဉ်ရွှေမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဦးဌေးမြင့်မှာ ဆိပ်သာဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ တစ်နှစ်လောက်က သားမက်ဆီက သူတို့ ပိုက်ဆံချေးထားတာကို ပြန်မပေးလို့ ပြန်တောင်းရင်း စကားများတာကနေ အခုလို လူသတ်မှုဖြစ်ရတာလို့ ကနဦး သိရတယ်” ဟု အမှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လူသတ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၆၂ နှစ်အရွယ် တင်မောင်အေးကို အခင်းဖြစ်ပွားသည့် ညနေပိုင်းတွင် ကြံခင်းမြို့နယ်၊ ကွေ့မရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကြံခင်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ကြံခင်းမြို့နယ် #အကြွေးကိစ္စ #စကားများရာမှ #သားမက်ဖြစ်သူက #ယောက္ခမများကို #သတ်ဖြတ် #Ayeyarwaddy_Times