
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
မုတ်သုံလေးအားကောင်းနေမှုကြောင့် ယခုတစ်ပတ်အတွင်း မေ ၂၆ ရက်မှ ဇွန် ၂ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းလည်း ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေအားကောင်းနေခြင်းနှင့် အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းနေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ မေ ၂၆ ရက်တွင် ထုတ်ပြန်သည်။
” လေဖိအားနည်းရပ်ဝန်းမဟုတ်သေးပါ။ လက်ရှိဖြစ်ပေါ်နေတဲ့နေရာကို JTWC က တည်နေရာ ပေးထားတာတော့ ကျောက်ဖြူရဲ့ အနောက်ဘက် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာဖြစ်ကြောင်း တွေ့ရပါတယ်။ ဆက်လက်ရွေ့လျားနိုင်မဲ့လမ်းကြောင်း ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှုမတွေ့ရဘဲ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်း သို့လျော့ကျ လာကြောင်း တွေ့ရပါတယ်” ဟု မိုးလေဝသဘာသာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် အသိပေးထားသည်။
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်၏ ပြင်းအားနှင့် ဝင်ရောက်မည့်လမ်းကြောင်းကို ဆက်လက် စောင့်ကြည့်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားခြင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာနထံမှ သိရသည်။
ထို့ပြင် အဆိုပါမုတ်သုံအားကောင်းမှုကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး နေရာကွက်၍မိုးကြီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်းသတိပေးထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေ့အပူချိန်များသည် ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ကြောင်း NUG ၏ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာနက ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မုတ်လေအားကောင်း #မိုးထစ်ချုန်းရွာမည် #နေရာကွက်ကျားမိုးကြီးမည် #Ayeyarwaddy_Times