
ဧရာ၀တီတိုင်းမ်
(တောင်ငူ) မေ ၂၆ ရက်
တောင်ငူမြို့၏ အနောက်တောင်ဘက် အုတ်တွင်းမြိုနယ် ၊ ကြက်တက်ညောင်ပင်ကျေးရွာတွင် ယမန်နေ့ မေ ၂၅ ရက် နံနက် ၅ နာရီဝန်းကျင်က ထိတွေ့ တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကြက်တက်ညောင်ပင် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အသွားအလာ ကန့်သတ်မှုများလုပ်ဆောင်၍ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်ရန် ကျန်ခဲ့သည့် ရွာသားတချို့ ကျေးရွာအတွင်း ပိတ်မိနေခြင်းများရှိကြောင်း သိရသည်။
” မနေ့ မနက် အစောထဲက ပစ်ခတ်သံတွေကြားနေရတယ်။ ရွာထဲက ထွက်လို့မရဘူး။ စစ်တပ်က ပိတ်ထားတယ်လေ။ ပရဟိတကားအချို့တော့ ဝင်ခွင့်ပေးတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ငူမြို့ အနောက်ဘက် စပါးကြွယ်ကျေးရွာ ၊ ပေပင်ကျေးရွာ အပါအဝင် ကျေးရွာ အများစုကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီး၍ ကျွဲ ၊ နွား ၊ ဝက် နှင့် ပရိဘောဂ ပစ္စည်းများအပါဝင် အဖိုးတန် အိမ်အသုံးအဆောင် ပစ္စည်းများကို သယ်ဆောင် သွားကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ဒေသခံတချို့ကို လူမှုကူညီရေးအသင်းများက ကယ်ထုတ်နေစဉ်၊ စစ်ကောင်စီတပ်က ကျေးရွာများ ကို မီးရှို့နေသည့် မြင်ကွင်း။
#အုတ်တွင်းမြို့နယ် #ကြက်တက်ညောင်ပင်ကျေးရွာ #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times