
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၂၅ ရက်)
ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးတာလေးတစ်ခု အမှတ်ရမိပါတယ်။
“သတ္တဝါတိုင်းကိုမေတ္တာထားနိုင်ပေမယ့် ခြင်ကိုတော့ ဘယ်လိုမှသည်းမခံနိုင်ဘူး” တဲ့။
ဆရာပြောတာလည်း အဟုတ်ပါပဲ။ ခြင်ဆိုတဲ့ သတ္တဝါလေးက အကောင်သေးသလောက် ပြဿနာတွေအများကြီးကို ဖြစ်စေပါတယ်။ ခြင်ကိုက်တာခံရရင် အရေပြားမှာယားယံတာက စလို့ ပြင်းထန်တဲ့ရောဂါတွေကူးစက်ပြီး အသက်သေဆုံးတဲ့အထိတောင် ဆိုးနိုင်ပါတယ်။
ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါတွေကအစ ကျွန်တော်တို့နဲ့ မရင်းနှီးတဲ့ Zika Virus, Yellow Fever, West Nile Virus, Chikungunya ,Japanese Encephalitis စတဲ့ ရောဂါတွေပါ ခြင်ကြောင့်ကူးစက်ဖြစ်ပွားပါတယ်။
#ခြင်တစ်ကောင်ရဲ့ဘဝစက်ဝန်း
ခြင်တစ်ကောင်ဖြစ်လာဖို့ လေးခါပုံစံအသွင်ပြောင်း ကြီးထွားရှင်သန်ရပါတယ်။ ခြင်မက ရေမျက်နှာပြင်ပေါ် ဥအုချပါတယ်။ ဥမှ အမျှင်သားလောင်းဖြစ်ပြီး ရေထဲမှာ ရှင်သန်ဖို့ ပုံစံပြောင်းရပါတယ်။ ရေထဲမြောပါနေတဲ့အစာတွေ ရေညှိတွေ စားပြီး အကောင်ဖွံ့ထွားလာပြီး ပိုးလောက်လန်းအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။ ပိုးလောက်လန်းဆိုတာ ပုစဉ်းကျိုင်းကောင် ငါး ငှက်တွေရဲ့ အစာဖြစ်ပါတယ်။ အကယ်၍များ အစားမခံရဘဲ ရှင်သန်ခဲ့ပါက ခြင် ပုံစံပြောင်းလဲပြီး အင်းဆက်ပိုးမွှားတစ်ကောင်ရဲ့ အလုပ်တွေကို အသက်ရှင်သရွေ့လုပ်ပါတော့တယ်။
လူသွေးကို စုပ်နိုင်တာ ခြင်တွေအားလုံးတော့မဟုတ်ပါဘူး။
ခြင်အထီးတွေက ပန်းပင်တွေရဲ့ ဝတ်ရည်ကို စုပ်ယူပြီး ဝတ်မှုန်ကူးတဲ့အလုပ်လုပ်ကြပါတယ်။ခြင်အမတွေကတော့ ပါးစပ် နှာမောင်းလေးတွေက အရေပြားကိုထိုးဖောက်ဝင်ရောက်သွေးစုပ်နိုင်တဲ့အထိ ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးပါတယ်။ လူအပါအဝင် ကျောရိုးရှိသတ္တဝါတွေဖြစ်ကြတဲ့ နို့တိုက်သွေးနွေးသတ္တဝါ သွေးနွေးငှက်တွေ အပြင် တွားသွားနှင့် ကုန်းနေရေနေ သွေးအေးသတ္တဝါတွေကိုပါ ခြင်မတွေက သွေးစုပ်ကြပါတယ်။ ကျောရိုးမဲ့သတ္တဝါအချို့ကိုပါ ခြင်တွေကသွေးကိုစုပ်ဖို့ ကိုက်ကြပါတယ်။ ခြင်မတွေ ဥတွေ အုချ မျိုးပွားဖို့အတွက် သွေးစုပ်ခြင်းဖြစ်စဉ်က လိုအပ်တာကြောင့်ပါပဲ။
#ခြင်ကိုက်ဖုကဘာလို့ယားတာလဲ
ခြင်ကိုက်ခံရတဲ့အခါ စိတ်ကသိကအောင့် ဖြစ်ရပါတယ်။ ခြင်ကိုက်ဖုလည်း ထွက်လာပါတယ်။ ယားယံလို့ကုတ်ချင်လာပါတယ်။ ဒီလိုဖြစ်ရတာခြင်ရဲ့တံတွေး က အကိုက်ခံရသူအရေပြားကို လှုံဆော်လို့ပါ။ ခြင်ရဲ့တံတွေးမှာ ငှက်ဖျား သွေးလွန်တုပ်ကွေး စတဲ့ဟာ ကပ်ပါးပိုးတွေ ဗိုင်းရပ်စ်တွေလည်း ခိုအောင်းရှိနေတတ်ကြပါတယ်။ ခြင်မှတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်ပွားပြီး ကျန်းမာရေးပြဿနာတွေဖြစ်လာရပါတယ်။ ခြင်ကြောင့် ကမ္ဘာနဲ့အဝှန်း လူခုနစ်သိန်းခွဲ နီးပါး နှစ်စဉ်အသက်ဆုံးရှုံးနေရပါတယ်။
#ပူနွေးစိုစွတ်တဲ့ရာသီဥတုနှင့်ခြင်ပေါက်ဖွားမှု
အရှေ့တောင်မုတ်သုန်လေလည်း ဝင်လာပါပြီ။ မိုးလည်းတဖြိုက်ဖြိုက်ရွာလာပါပြီ။ မြေတွေစိုစွတ်ပြီး အချို့နေရာတွေမှာဆို ဟိုကွက်ကွက် ဒီကွက်ကွက်နဲ့ ရေအိုင်တွေ ထွန်းနေပါပြီ။ မြက်ပင် ပေါင်းပင်တွေလည်း ထွားကျိုင်းလာပါပြီ။
အဲ့ဒီလို ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာ ခြင်တွေလည်း အများကြီးပေါက်ဖွားကြပါပြီ။ ဒါကြောင့် ဒီကာလဟာ ခြင်ကနေ ကူးစက်ဖြစ်ပွားတဲ့ရောဂါတွေကာကွယ်ဖို့ သတိကြီးကြီးထားရမယ့် အချိန်သမယဖြစ်လို့နေပါပြီ။
ခြင်ကြောင့်ကူးစက်တဲ့ရောဂါတိုင်းမှာ ထူးခြားတဲ့ရောဂါလက္ခဏာကိုယ်စီရှိကြပေမယ့် ရောဂါအကုန်လုံးက အစမှာ ဖျားနာတုတ်ကွေးနဲ့ဆင်တူကြပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ခြင်ကြောင့်ကူးစက်မှုတွေ နည်းပါးဖို့ပညာပေးရပါတယ်။
ဒီနှစ်မှာလည်း အသိပေးစကား ဆိုရ ပြောရပါဦးမယ်။ ကြိုတင်ကာကွယ်လို့ရတာတွေပြင်ဆင်ရပါ။ ဖြစ်လာရင်ကုသနိုင်ဖို့ ဆေးဝါးအသင့်ပြင်ဆင်ထားပါ။ ဆေးကုသပြီးရုံမျှနှင့်မပြီးသေးပါ။ ကူးစက်ခံရသူ အနီးဝန်းကျင်ကို ခြင်နှိမ်နင်းရေးတွေလုပ်ပြီး အများသူငါ ကူးစက်မှုကိုတားဆီးရပါမယ်။
#ခြင်မှကူးစက်တတ်သော ရောဂါများ
-ဆင်တုပ်ကွေးရောဂါ (Chikungunya)
ဆင်တက်နင်းသလို နာကျင်ခံစားရတဲ့ ဆင်တုပ်ကွေးရောဂါ က chikungunya virus ကြောင့် ဖြစ်ရတာပါ။ ခြင်ကိုက်ခံရပြီးကူးစက်သွားတဲ့အခါ ဖျားနာလျက် ကြွက်သားတွေနာကျင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို အဓိကခံစားရပါတယ်။
-သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)
ရေကြည်ရေသန့် မှာပေါက်တဲ့ ခြင်တွေက သွေးလွန်တုပ်ကွေး Dengue virus ကိုသယ်ဆောင် နိုင်ပါတယ်။ ကလေးမှာဖြစ်တဲ့ရောဂါဆိုပြီး သိထားကြပေမယ့်လည်း လူရွယ် လူလတ် လူကြီးပိုင်းတွေ အထိပါဖြစ်တတ်ပါတယ်။ အဖျားကြီး အပူချိန်တွေတက်ပြီး ခေါင်းတွေကိုက်ခဲလျက် အနီစက်တွေထွက် တစ်ကိုယ်လုံးနာခြင်းကိုင်ခဲပြီး အသက်အန္တရာယ်ရှိတတ်တဲ့ရောဂါတစ်ခုပါ။
-ငှက်ဖျား (Malaria)
ငှက်ဖျားကပ်ပါးပိုးကြောင့် ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါ လူတွေကိုကူးစက်ပါတယ်။ စိမ့်စမ်းရေမှာ ပေါက်တဲ့ခြင်က ငှက်ဖျားကိုကူးစက်စေပါတယ်။ အာဏာသိမ်းကာလမှာတော့ ငှက်ဖျားရောဂါဖြစ်ပွားမှု နှုန်းတိုးပွားလာပါတယ်။ အသက်အန္တရာယ်ရှိတဲ့ငှက်ဖျားရောဂါကို ထိန်းချုပ်ကုသဖို့လိုပေမယ့် ဆေးရှားပါးခြင်းကြောင့် လူနာအသစ်တွေကိုအမြဲတွေ့နေရပါတယ်။
ငှက်ဖျားရောဂါက ယခုအချိန်တွင် မြန်မာနယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ စိန်ခေါ်လျက် ရှိပါတယ်။။
-ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis)
ကလေးသူငယ်များကာကွယ်ဆေးထိုးသည့်အခါ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်နိုင်ပါတယ်။ စစ်အာဏာသိမ်းခြင်းရဲ့နောက်ဆက်တွဲကြောင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ပျက်ယွင်းသွားတာမို့ ကလေး သူငယ်တို့မှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး မရရှိကြပါဘူး။ ဒီရောဂါကလည်း ခြင်ကနေ တစ်ဆင့်ကူးစက်ပါတယ်။ အသက်အန္တရာယ်ရှိသလို တိကျတဲ့ကုသမှုမရှိနေပါဘူး။ ကာကွယ်ဆေးကို အသက်အရွယ်လိုက်ထိုးပေးခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
-ဆင်ခြေထောက်ရောဂါ(Elephantiasis)
ခြင်မှတစ်ဆင့်ကူးစက်တဲ့ ဆင်ခြေထောက်ကပ်ပါးပိုးကြောင့် ပြန်ရည်ကြောပိတ်ဆို့ခံရတဲ့အခါ Lymphatic Filariasis ဆင်ခြေထောက်ရောင်ရောဂါခံစားရပါတယ်။ နာကျင်ခြင်း၊ ခြေထောက်ကြီးကြီး မားရောင်တင်းလာခြင်း ကိုခံစားရပါတယ်။
ခြင်မှကူးစက်တတ်တဲ့အခြားရောဂါတွေလည်းရှိပါတယ်။
နိုင်းမြစ်ဝှမ်းအနောက်ဘက်မှာစတင်ကူးစက်တဲ့ West Nile Virus ရောဂါ၊ ဇီကာကူးစက်ရောဂါ (Zika Virus) ၊ အဝါရောင်ကိုက်ခဲမှု (Yellow Fever) ရောဂါ စတဲ့ ရောဂါတွေကတော့ မြန်မာနိုင်ငံမှာ အတွေ့ရနည်းပါတယ်။
#ကာကွယ်ခြင်း
ခြင်မှဖြစ်လာတဲ့ရောဂါတွေကာကွယ်ဖို့အတွက် ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ် ဆိုတဲ့ နည်းလမ်းလေးတွေကို လုပ်ရပါမယ်။
ရေကြည်ရေသန့်များကို ဖုံးအုပ်ထားခြင်း၊ ရေတင်နေရာတွေမရှိစေရန်သွန်ပစ်ခြင်း၊ ခြင်မပေါက်နိုင်ရန် Abate အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းတွေကို ရေမှစစ်ထုတ်ခြင်းတွေကို ဂရုစိုက်ပြီး ပြုလုပ်ရပါမယ်။
ရေမျက်နှာပေါ်မှာ ခြင်ဥချလို့မရအောင် ဆီလောင်းခြင်း၊ ခြင်ထောင်အသုံးခြင်း ၊ ပန်းအိုး၊ ရေအိုးများပုံမှန်လဲခြင်း ၊ အမှောင်ထဲမှာ ခြင်မခိုအောင်းစေဖို့ တံခါးပြတင်းပေါက်များ ဖွင့်ခြင်း၊ ရေတင်နိုင်တဲ့ စွန်ပစ်အမှိုက်တွေကိုမြေမြုပ်ခြင်း၊ ခြုံရှင်းခြင်း ၊ခြင်ပြေးဆေးမှုတ်ခြင်း တွေကိုလည်း ခြင်နှိမ်နင်းရေးနည်းလမ်းတွေအဖြစ်အသုံးပြုရပါမယ်။
ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကျောင်းဝန်းကျင်၊ နေထိုင်ရာနေရာတွေကို ခြင်ကင်းစင် အောင်လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝတွေကိုဖန်တီးကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ “ငုံနေသော ပန်းကလေး” အမျိုးသားကျန်းမာရေးဆောင်းပါးကို ဖော်ပြမှာ ပါ။ဧရာဝတီတိုင်းပရိသတ်များအားလုံးလည်း ကျန်းမာသာယာတဲ့ဘဝကိုရရှိနိုင်ကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ရောဂါများသယ်ဆောင်လာနိုင်သောခြင်များ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)