ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင် ပစ်ခတ်ခံရပြီးနောက် ရန်ကုန်တိုင်း တိုင်းဦးစီးချုပ်နှင့် ဒုတိုင်းမှူးတို့ကို နေပြည်တော်မှ အမိန့်ဖြင့်ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးသက်ပိုင်ဇော်ကို လုံခြုံရေးပေါ့လျော့သည်ဟုဆိုကာ နေပြည်တော်မှ အထက်အရာရှိအဖွဲ့က ခေါ်ယူစစ်ဆေးမှုများပြု လုပ်နေကြောင်း သိရသည်။

“ဗိုလ်မှူးချုပ်ချိုထွန်းအောင် ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး တိုင်းဦးစီးချုပ်အဆင့်ကိုပါ ခေါ်ယူ စစ်ဆေးတာတွေ လုပ်နေတယ်။ လုံခြုံရေးမြင့်တဲ့ မရမ်းကုန်းလိုနေရာမျိုးမှာ ဖြစ်သွားတာဆိုတော့ အကုန်မျက်ခုံးလှုပ်နေကြတယ်။ နေ့ရောညပါ ရန်ကုန်မှာ အစစ် အဆေး အဖမ်းအဆီးပိုကြပ်လာတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်လည်း ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်သို့ရောက်ရှိလာပြီး ၎င်းရောက်ရှိချိန်တွင် သန်လျင်တံတားအနီး ဗုံးဖောက်ခွဲခံရသည့် အတွက် ရန်ကုန်တိုင်း တိုင်းမှူးကို တာဝန်ပေါ့လျော့သည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးနေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် ဒုတိုင်းမှူးနေရာမှ ဗိုလ်မှူးချုပ်ထွန်းထွန်းဝင်းကိုပါ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းမှ သတင်းများထွက်ပေါ်လျက်ရှိသည်။

မရမ်းကုန်းတွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအပြီး ရန်ကုန်မြို့အတွင်း လုံခြုံရေးတင်းကျပ်ထားပြီး ၈ မိုင် စစ်မှုထမ်း ဟောင်းရုံးအတွင်း၌ စစ်ကောင်စီအရာရှိများကို ခေါ်ယူစစ်ဆေးနေကာ ညအချိန်အထိ အရပ်ဝတ်များနှင့်ပါ ခေါ်ယူစုဆောင်းထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် နေပြည်တော်မှရန်ကုန်သို့ ရောက်လာပြီး ဗိုလ်ချုပ်ချိုထွန်းအောင်၏ မိသားစုဝင်များနှင့် တွေ့ဆုံအားပေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-ရန်ကုန်တွင်လုံခြုံရေးတင်းကျပ်ထားသည့်မြင်ကွင်း(၂၀၂၃-ပုံဟောင်း)

#ဗိုလ်မှူးချုပ် #ချိုထွန်းအောင် #ပစ်ခံရမှု #ရန်ကုန် #တိုင်းဦးစီးချုပ် #ဒုတိုင်းမှူး #နေပြည်တော် #ခေါ်ယူ #စစ်ဆေး #Ayeyarwaddy_Times