ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

အာရက္ခတပ်တော် (AA) ၏ စစ်မှုထမ်းဥပဒေကို ဆန္ဒပြသည့် တောင်ကုတ် ဒေသခံ ၅၀ ခန့်ကို AA က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တောင်ကုတ်ဒေသ ကျေးရွာ ငါး ရွာမှ AA ၏ စစ်မှုထမ်းဥပဒေကို ဆန္ဒပြခဲ့သည့် ဒေသခံ ၅၀ ခန့်ကို ပြီးခဲ့သည့် မေ ၁၈ ရက်နေ့တွင် AA က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“သဘောဆန္ဒအလျောက် AA ဆီမှာစစ်သင်တန်းသွား တက်နေသူတွေ ရှိပါတယ်။ လူငယ်အများစု ကတော့ မိသားစုကို ရှာဖွေကျွေးတာနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ ရည်မှန်းထားသူတွေလည်း ရှိတယ်။ ကျွန်တော်တို့ အိမ်ဆို သားနဲ့သမီးက တစ်အိမ်လုံးကိုလုပ်ကျွေးနေတာ။ စစ်မှုထမ်းဖို့ နှစ်ယောက် လုံးအသက်အကျုံးဝင်နေတယ်။ သူတို့အတွက် ပူပင်ရမှုတွေ ရှိပါတယ်။ ကိုယ့်အစိုးရမို့ ကိုယ်လိုချင်တာ ကို တောင်းဆိုတာ ဖမ်းဆီးခံရတာတော့ မတရားပါဘူး” ဟု တောင်ကုတ်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကင်းတောင်ကျေးရွာ၊ တန်းလွဲရွာမမှ လမူး၊ ဆားပြင်စသည့် ကျေးရွာ ငါး ရွာမှ အမျိုးသမီးများ အပါအဝင် ကျေးရွာသူ၊ ရွာသား ၅၀ ခန့်ကို AAက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တန်းလွဲရွာမကျေးရွာမှ ဒေသခံ ၂၂ ဦး၊ ကင်းတောင် ရွာမှ ၁၄ ဦး၊ ဆားပြင်ရွာမှ ၁၃ ဦး၊ လမူးရွာမှ ၂ ဦးတို့ကို AA က ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွှတ် ပေးခြင်းမရှိကြောင်း သိရသည်။

AA သည် ရခိုင်ပြည်အတွင်း နေထိုင်ကြသည့် လူငယ်များကို ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့်ကို တားမြစ်လိုက်ကြောင်းနှင့် အသက်ပြည့်မီသည့် လူငယ်တိုင်း စစ်မှု ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၂၂ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးဖြစ်ပါက အသက် ၁၈ မှ ၂၅ နှစ်အတွင်း၊ အမျိုးသားများ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွာခွင့်မပြုကြောင်း တား မြစ်မိန့်တစ်ခုကို AA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- APM

#ရခိုင် #တောင်ကုတ် #စစ်မှုထမ်းဥပဒေ #ဆန္ဒပြ #ဒေသခံ၅၀ #AA#ဖမ်းဆီး #Ayeyarwaddy_Times