
ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ မသုံရွာ တဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း သိရသည်။
ညောင်ကျိုးမှနေ၍ မသုန်ဘက်သို့ ယခု မေလနောက်ဆုံးပတ်အတွင်းတွင် စစ်ရေးရောက်ရှိလာပြီး စစ်ကောင်စီ၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ကူပေးနေပြီး စစ်ရေးမှာ ညောင်ခြေထောက်ဘက်သို့ တက်လာခြင်းမရှိဘဲ မသုံဘက်တွင် ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ညောင်ခြေထောက်နဲ့ ဥသျှစ်ပင်ဘက်ကို တိုက်ပွဲရောက်လာမယ်ထင်ပြီး စစ်ပြင်ဆင်ထားတာ။ ကပစ ၁၆ ထဲမှာလည်း လူအင်အားတွေဖြည့်ပြီး လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ ဒါပေမဲ့ တိုက်ပွဲက မသုံ ဘက်ကို လှည့်သွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်ရိုးမမှနေ၍ ထိုးဖောက်လာသည့် စစ်မျက်နှာစာသုံးခုဖြစ်သည့် ပဒါန်း၊ ပန်းတောင်း၊ ဧရာဝတီသုံးခု အနက် ပန်းတောင်းတပ်နယ်တွင် တိုက်ပွဲအရှိန်ပြန်လည်မြင့်လာခြင်းဖြစ်သည်။
AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည် ညောင်ကျိုးစခန်းကို သိမ်းပြီးနောက် ငလျင်ကာလအတွင်း ထိုးစစ်ရပ် တန့်ကာ အပစ်ရပ်ထားပြီးနောက် ယခုရက်ပိုင်း တိုက်ပွဲပြန် လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
စစ်ကောင်စီက ပြည်မြို့နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီးနှင့် လမ်းဆုံနေရာများတွင် အဖွဲ့လိုက်စစ် ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
မိုးရာသီ လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သည့်ကာလဖြစ်၍ စစ်ကောင်စီသည် လယ်သမား များနှင့် အလုပ်သမားများကို ဒေါင်းမျက်နှာလမ်းဆုံ၊ မြောင်ရှည်ရေနံလမ်းပေါက်၊ ကံမလမ်းခွဲတို့တွင် စောင့်၍ဖမ်းဆီးစစ်ဆေးခေါ်ဆောင်သွားမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#ပဲခူး #ပန်းတောင်း #တ်ုက်ပွဲ #ပြင်းထန် #မသုန် #စစ်ရေးရောက်ရှိ #Ayeyarwaddy_Times