ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာရှိ မင်္ဂလာ‌ဆောင်တစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။

ကျွန်းကြီးရွာတွင် ယနေ့ မေ ၂၅ ရက် နံနက် ၁၁ နာရီခန့်က မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်က ဗုံးကြဲချခဲ့ရာ ၅ နှစ်အရွယ်ကလေးငယ်နှင့်သတို့သမီးအပါအဝင် ရှစ် ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၁ ဦးခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“သေတာ ကလေးလည်းပါတယ်။ မင်္ဂလာဆောင်ပေါ်ကို တိုက်ရိုက် ကြဲချတာ။ လောလောဆယ်သေဆုံးသူ ရှစ် ယောက်ရှိတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားများတယ်”ဟု ကျောက်ကြီးဒေသခံက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲချမှုကြောင့် သေဆုံးသူများထဲတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်ပါဝင်ပြီး သတို့သမီးပါ သေဆုံးသွားကြောင်းသိရပြီး ဧရာ၀တီတိုင်းမ် အနေဖြင့် နောက်ဆက်တွဲ အခြေအနေကို အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် ပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်၍ မင်္ဂလာပွဲနှင့် အလှူပွဲများကဲ့သို့သော လူစုလူဝေးပွဲများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -ပေးပို့
#ပဲခူး #ကျောက်ကြီး #ကျွန်းကြီး #၅နှစ်ကလေး #သတို့သမီး #မင်္ဂလာဆောင် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times