တိုက်ပွဲမဖြစ်မီကတည်းက မုက္ခာဆည်အတွင်း ရေဆင်းကူးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ရေနစ်ပြီး ၁ ဦးမြွေကိုက်သေဆုံးခဲ့

ဧရာ၀တီတိုင်းမ်
(မင်းလှ)၊ မေ ၂၅ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်လမ်းပေါ်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က ပြီးခဲ့သည့် မေ ၂၂ ရက် ည ၁၂ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ပါဝင်သည့် အဆိုပါစစ်ကြောင်းကို ဟိုင်းယုလမ်းဆုံနှင့် ပျဉ်ကတိုးခင်း ရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးတပ်သားအလောင်းများ လာရောက်ယူဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လည်း မေ ၂၃ ရက်တွင် ၁၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက မေ ၂၄ ရက်တွင် နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း လေး လောင်းကို တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။

“သူတို့စစ်ကြောင်းတက်လာတာ သိလို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ မိုင်းတွေလည်း ကြိုထောင် ထားပေမယ့် မိုးကရွာနေတော့ မိုင်းမကွဲဘူးဖြစ်သွားတယ်။ လက်နက်ကြီးတွေနဲ့ပါ ပစ်တာဆိုတော့ မျက်မြင်က ၁၀ ယောက်လောက် သေပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်တော့ မြှုပ်ထားတဲ့ အလောင်းတွေကို ကျင်းတစ်ကျင်းထဲမှာ ထပ်ပြီးမြှုပ်ခဲ့တာ။ ဒါတောင် အပုပ်နံ့တွေက လမ်း တစ်လျှောက် လုံးပဲ။ တခြားမြှုပ်ထားတဲ့နေရာတွေ ရှိဦးမယ် ထင်တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် သေဆုံးသွားသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်အလောင်းများကို သေချာစွာ မြှုပ်နှံပေးခဲ့ခြင်းမရှိသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သူများတွင် ခလရ-၁ တပ်ရင်းမှ တပ်ကြပ်ကြီး ဝင်းဦးဆိုသူ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးမှုများပြားခဲ့သည့် အဆိုပါစစ်ကြောင်းမှာ ယခုအခါ ဘန့်ဘွေးကုန်းရွာရှိ ၎င်းတို့အထိုင်စခန်းသို့ ဆုတ်ခွာသွားကာ အင်အားထပ်မံဖြည့်တင်းနေကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲမဖြစ်မီ မေ ၂၂ ရက် အစောပိုင်းတွင် ပဲခူးရိုးမရှိ မုက္ခာဆည်အတွင်း ရေဆင်းကူးကြစဉ် တစ်ဦးရေနစ်သေဆုံးခဲ့ပြီး၊ တစ်ဦးမှာ မြွေကိုက်ခံရကာ သေဆုံးခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#မင်းလှ #စစ်ကောင်စီစစ်ကြောင်း #တိုက်ပွဲဖြစ်ပွား #မြေမြှုပ် #အလောင်းရရှိ #Ayeyarwaddy_Times