ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
မေ ၂၄ ရက်

ရုတ်တရက် ခါယမ်းသွားတဲ့ ပြင်းထန်လှတဲ့ ငလျင်လှုပ်ခတ်မှုဟာ နေ့လယ် ထမင်းစားချိန်ရဲ့ တိတ်ဆိတ်မှုကို လှုပ်နှိုးလိုက်တာမို့ စားလက်စ ထမင်းလုတ်သည်ပင် လည်ချောင်းဝမှာတင် တန့်သွားခဲ့ပြီး မိသားစု အားလုံး ကြောက်လန့်တကြား အိမ်ပြင်ကို ပြေးထွက်ခဲ့ရပါတယ်။

အားပြင်းလွန်းတဲ့ ငလျင်လှိုင်းကြောင့် မန္တလေးရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ချက်ချင်း ပြတ်တောက်သွားခဲ့ပြီး ပြိုကျလာတဲ့ အဆောက်အအုံတွေကြားမှာ ကယ်ဆယ်ပေးဖို့ အော်ဟစ်နေတဲ့ ပိတ်မိနေသူတွေရဲ့ အသံတွေ၊ အသက်ရှင်နေကြောင်း အားတင်း အော်ဟစ်သံတွေဟာ မြို့အနှံ့ ပဲ့တင်ထပ်နေခဲ့ပါတယ်။

တစ်ချိန်က စမတ်စီးတီးလို့ တင်စားခဲ့ကြတဲ့ မန္တလေးဟာ ခဏအတွင်းမှာပဲ ကြောက်မက်ဖွယ်ရာ ဘေး အန္တရာယ်ဇုန် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတယ်လို့ အဲ့ဒီအဖြစ်အပျက်တွေကို ရင်ဆိုင်ခဲ့ရတဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြန်ပြောင်း ပြောပြနေတာပဲဖြစ်ပါတယ်။

ရုတ်တရက် ငလျင်လှုပ်ခတ်မှုကြောင့် ထောင်နဲ့ချီပြီး ပြိုကျသွားတဲ့ တိုက်အဆောက်အအုံတွေ အောက်မှာ ပိတ်မိနေတဲ့ လူတွေ၊ အုတ်စ အုတ်နတွေ ပြန့်ကျဲနေတဲ့နေရာတွေမှာ ထိတ်လန့်တုန်လှုပ်နေတဲ့ ပြည်သူလူထုက ဘယ်လို စတင် ကယ်ဆယ်ရမလဲဆိုတာ မသိခဲ့ကြပါဘူး။

အဲ့ဒီအကြောင်းအချင်းအရာတွေဟာ မြန်မာနိုင်ငံရဲ့ သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေးက ဘယ်လောက် အထိ အားနည်းချက်တွေ ရှိနေလဲဆိုတာကို မီးမောင်းထိုးပြနေတာပါ။

အထူးသဖြင့် အာဏာသိမ်းထားတဲ့ စစ်ကောင်စီက သဘာ၀ဘေးအန္တရာယ်အမြဲကြုံတွေ့နေရတဲ့ မြန်မာ နိုင်ငံအတွက် ခေတ်မီ နည်းပညာနဲ့ ကယ်ဆယ်ရေး စက်ကိရိယာတွေကို ပြင်ဆင်ထားခြင်းမျိုး မရှိခဲ့ပါဘူး။

#ငလျင်အလွန်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကြုံတွေ့ခဲ့ရသောအခက်အခဲများ

အဲဒီလိုအင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျ အဆောက်အအုံတွေအောက်က လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့အတွက် အင်္ဂတေတွေကို ဖောက်ထုတ်ဖို့၊ သံချောင်းတွေကို ဖြတ်ဖို့၊ တိုက်ကလိုင်ပေါက်ထဲ ဝင်ဖို့ စက်ပစ္စည်းတွေ မရှိတဲ့အတွက် အသက်ရှင် ကယ်တင်နိုင်ရေးမှာ အခက်အခဲ တွေ ကြုံခဲ့ရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

လွယ်လွယ်ကူကူ ရနိုင်တဲ့ စက်ပစ္စည်း ကိရိယာတွေလည်း မရှိခဲ့သလို ဖုန်းအဆက်အသွယ်တွေကလည်း ခက်ခဲပြီး ဘာလုပ်ရမှန်း မသိဘဲ ဒုက္ခရောက်ခဲ့ကြရပါတယ်။

“ငလျင်ဖြစ်လာမယ်လို့ ဘယ်သူမှ ကြိုမသိတော့ ပစ္စည်းတွေ စုထားတာ မရှိဘူး။ ဒီဟာအတွက်ဆိုပြီး သီးသန့်ပစ္စည်း စုထားတာ မရှိတော့ တိုက်ပြို၊ တိုက်ပိသွားတဲ့လူတွေကို ကယ်ထုတ်ဖို့က အဲဒါတွေကို ထွင်းပြီးတော့ ပြန်ထုတ်ရမယ်။ အဲဒီအတွက် ပစ္စည်းမရှိဘူး” လို့ မန္တလေးမြို့ အခြေစိုက် အသင်းသား ၁၀၀ ကျော်ရှိတဲ့ စေတမာန် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ဒီငလျင်က ကြုံဖူးတာ မရှိဘူး။ အခုမှ စကြုံတာဆိုတော့ နဖူးတွေ့ ဒူးတွေ့ ကြုံတဲ့အခါမှာ တကယ့် အခက်အခဲပဲ” လို့ သူက ဆက်ပြောပါတယ်။

အခုလိုသဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါမှာ လျင်မြန်စွာတုံပြန်ဆောင်ရွက်နိုင်ရန်အတွက် NLD အရပ်သားအစိုးရတာ၀န်ယူစဉ်က အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နဲ့တုံ့ပြန်ရေးစီမံချက်ကို ၂၀၁၉ မှာထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါတွေအပြင် ငလျင်ဘေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ လုပ်ငန်းတာဝန်အဆင့် ဆင့် ရေးသားထားတာတွေ အဆင်သင့်ရှိခဲ့တယ်လို့ ငလျင်ပညာရှင်တစ်ဦးလည်းဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းထံမှ သိရပါတယ်။

“အဲဒီလိုအရာတွေ ရှိခဲ့ပေမယ့် အစီအစဉ်အတိုင်း စစ်ကောင်စီက လုပ်ဆောင်နိုင်တာမရှိဘူး” လို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။

လူမှုကူညီရေး အသင်းတွေဟာ လုံလောက်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ မရှိပေမယ့် အဲဒီလို အခက်အခဲတွေကြားမှာပဲ အသက်ရှင် နေသူတွေကို ကယ်တင်နိုင်တာတွေရှိခဲ့ပါတယ်။ အဲ့သည်လို ကယ်ဆယ်နိုင်တာတွေ ရှိခဲ့ပေမယ့်လည်း ပြိုကျသွားတဲ့ တိုက်အောက်မှာ ပိတ်မိနေသူတွေကို Golden Hour လို့ခေါ်တဲ့ ၇၂ နာရီ အတွင်းမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်မှုက အင်မတန် နည်းခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

“ငလျင် ကယ်ဆယ်ရေး သင်တန်း တက်ထားတာ မရှိဘူး။ ပစ္စည်းကိရိယာ စုံစုံလင်လင် မရှိဘူး။ ဆက်သွယ်ရေး ခက်ခဲတယ်။ ဖုန်းလိုင်း မရတော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ခက်ခဲတယ်။ ဒါက ဖြစ်ဖြစ်ချင်း ကြုံတွေ့ခဲ့ရတာတွေ” လို့ စေတမာန် လူမှုကူညီရေး အသင်းက အသင်းသား တစ်ဦးက ပြောပါတယ်။

#Golden_Hourရဲ့အရေးပါမှု

Golden Hour ဆိုတာ မတော်တဆမှု၊ ဘေးအန္တရာယ် ဖြစ်ပေါ်မှု၊ ငလျင်၊ မုန်တိုင်း၊ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီးနောက် အသက်ရှင်နိုင်မှု မြင့်တက်စေဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်ကာလ ဖြစ်ပါ တယ်။

အချိန်မီ အသက်ကယ်ဆယ်ရေး မလုပ်နိုင်တဲ့အတွက် လူသေဆုံးမှုတွေ များခဲ့တဲ့အကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေဟာလည်း Golden Hour ကျော်မှ ရောက်ရှိလာနိုင်တဲ့ အဖွဲ့တွေများတာကြောင့် လူသေအလောင်းတွေကိုသာ ရှာဖွေ ထုတ်ယူနိုင်ခဲ့ကြောင်း လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

သဘာဝဘေးစီမံခန့်ခွဲရေးကကျယ်ပြန့်လွန်းတဲ့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ အသက်ကယ်ရေးကိုဦးစားပေးလုပ်ဆောင်ရပါတယ်။ နိုင်ငံတကာမှာတော့ အသက်ကယ်ရေးအတွက် မီးသတ်အဖွဲ့၊ ကြက်ခြေနီ အသင်းနဲ့ စစ်တပ်က ပါဝင်ဖွဲ့စည်းထားကြပေမယ့် စစ်တပ်အာဏာသိမ်း ထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ လူ့အသက်ကယ်ရေး ဦးစားပေးမဟုတ်ဘဲ စစ်ရေးကိုသာ ဦးစားပေးနေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားတဲ့ ငလျင်နဲ့ပတ်သက်ပြီး စက်ယန္တရားတွေပတ်သက်တဲ့ စာရင်းတွေရှိရမှာဖြစ်ပြီး ဒါမှသာ အရေးကြုံလာတဲ့အခါ အလွယ်တကူရွေ့ပြောင်းနိုင်မယ်လို့ NUG ဝန်ကြီး ဦးစိုးသူရထွန်းက ဆိုပါတယ်။

“ အချို့လူတွေက ငလျင်လှုပ်ပြီးတော့ ၄၊ ၅၊ ၇ ရက်မှလောက်ကြာပြီးမှ အသက်ရှင်သွားတဲ့သူ တွေရှိတော့ စောစောမကယ်နိုင်ခဲ့တာအင်မတန်မှလည်း ဝမ်းနည်းဖို့ကောင်းတာတွေ့ရတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ တရုတ်နိုင်ငံက ကူညီ ကယ်ဆယ်ရေး အဖွဲ့ကတော့ ငလျင် လှုပ်ခတ်ပြီး ၁၈ နာရီအကြာမှာ ရောက်ရှိလာပြီး မန္တလေးမြို့၊ နန်းရှေ့က အထပ် ၁၁ ထပ်ရှိ Sky Villa ကွန်ဒို ပြိုကျပြီး ၄ ထပ် မြေကြီးထဲ ကျွံဝင်သွားတဲ့ နေရာကိုရှာဖွေရေး စတင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ညီမလေးရဲ့ အင်္ကျီနဲ့ ဖိနပ်ပဲ ရှာလို့ တွေ့တယ်။ အချိန်ကလည်း ၇၂ နာရီ ကျော်သွားပြီ။ လူလည်း ရှာလို့ တွေ့မယ် ထင်တာ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ မရပ်ဖို့ ဆုတောင်းနေရင်း အလောင်းပဲ ပြန်ရတယ်။ ဧပြီ ၄ ရက်နေ့မှာ အလောင်း ပြန်ရတယ်” လို့ Sky Villa D အဆောင် ပြိုကျရာမှာ သေဆုံးသွားခဲ့ရတဲ့ သေဆုံးသူရဲ့ အစ်မဖြစ်သူက ဆိုပါတယ်။

ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျသွားရာမှာ Sky Villa ကွန်ဒို ပြိုကျမှုဟာ အထင်ရှားဆုံး ဖြစ်ပြီး လူသေဆုံးမှု ရာနဲ့ချီ ရှိနိုင်ပါတယ်။ ပြိုကျ အဆောက်အအုံတွေထဲက Golden Hour လို့ခေါ်တဲ့ ၇၂ နာရီအတွင်း အသက်ရှင်သူ ၂၉ ဦးသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ရုပ်အလောင်းတွေဟာ ဒီနေ့ ဒီအချိန်ထိ ထုတ်ယူနေရဆဲပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ကယ်ဆယ်ရေး လုပ်တော့ အသက်ရှင်တဲ့လူ နည်းတယ်။ သေတဲ့လူ များတယ်။ အသင်းက အဖွဲ့သုံးဖွဲ့ ဖွဲ့ထားတော့ ရှာဖွေရေးထဲက သေဆုံးတဲ့သူ ၂၀ ဦး ရှာတွေ့တယ်” လို့ စေတမာန် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ဝမ်းနည်းစွာ ဆိုပါတယ်။

#နိုင်ငံတကာအကူအညီနဲ့ နည်းပညာ

နှစ်ပေါင်း ၉၅ နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တစ်ကြောပြန် အင်အားပြင်း ငလျင်အဖြစ် လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း ပြတ်ရွေ့ ၊ စစ်ကိုင်း ငလျင်ဟာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ ဘေးအန္တရာယ် သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာခဲ့ပါတယ်။

ငလျင် လှုပ်ခတ်မှုအပြီးမှာ အသက်ရှင်သူတွေကို ကယ်ဆယ် ရှာဖွေနိုင်ရေးအတွက် ပြည်တွင်းက လူမှုကူညီရေး အသင်းတွေ ကြိုးစားခဲ့သလို နောက်ရက် မတ်လ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကယ်ဆယ်ရေး အဖွဲ့ ဦးစွာ ရောက်ရှိလာပြီး နိုင်ငံပေါင်း ၂၀ ကျော်က အရေးပေါ်ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေလည်း ရောက်ရှိလာခဲ့ပါတယ်။

အဲဒီ နိုင်ငံတွေထဲမှာ အရေးပေါ်ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ ဆေးကုသရေး အဖွဲ့ဝင်တွေ ပါဝင်ပြီး ခေတ်မီ ကူညီ ကယ်ဆယ်ရေး ပစ္စည်း ကိရိယာ အပြည့်အစုံနဲ့ ရောက်ရှိလာကြတာပါ။

တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေဟာ လူသား အပူချိန် တိုင်းစက်၊ အိန္ဒိယက အနံ့ခံ ကယ်ဆယ်ရေး ခွေးနဲ့ စက်ရုပ် စစ်ခွေး၊ စင်ကာပူအဖွဲ့ သုံးတဲ့ ပိုးဟတ် စက်ရုပ် အစရှိတဲ့ ခေတ်မီ နည်းပညာ ကိရိယာတွေဟာ ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။

“သူတို့ (တရုတ် ကယ်ဆယ်ရေး) ရောက်ချိန်မှာ သာမိုမီတာနဲ့ စမ်းတယ်။ ဘယ်နှစ်ယောက် ရှိလဲ။ ငါးယောက် ရှိတယ်။ ခြောက်ယောက် ရှိတယ်။ ဘယ်နှစ်ယောက် အသက်ရှင်တယ် ပြောပေမဲ့ အချို့ဟာတွေကတော့ မမှန်ဘူး။ အားလုံး ဖော်လိုက်ချိန်မှာ ဘာမှ မရှိဘူး။ နောက် အချို့နေရာတွေမှာ ငါးယောက်လို့ ပြောပေမဲ့ တစ်ယောက် တည်းပဲ ရှိနေတာမျိုးလည်းရှိတယ်” လို့ စေတမာန် လူမှုကူညီရေး အသင်းမှ ပါဝင် ကူညီသူတစ်ဦးက ဆိုပါတယ်။

အဲဒီ နိုင်ငံတွေထဲက ပြိုပျက် အဆောက်အအုံ ရှိရာ နေရာတစ်ခုမှာ နိုင်ငံတစ်ခုတည်းကသာ တာဝန်ယူ လုပ်ဆောင်ပြီး နိုင်ငံ အချင်းချင်းအပြင် ပြည်တွင်းက လူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်မှု မရှိဘူးလို့ သိရပါတယ်။

ငလျင်ဘေးသင့်ရာ နေရာတွေကို ရှာဖွေဖို့အတွက် စီမံခန့်ခွဲရာမှာလည်း လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ပြိုကျ တိုက်နေရာတစ်ခုမှာ အိန္ဒိယ ကယ်ဆယ်ရေး ဝင်နေရင် တရုတ် ကယ်ဆယ်ရေးက ဝင်မရဘူး။ အဲဒီလိုမျိုးတွေရော၊ နောက် ဘယ်သူနဲ့မှ လုပ်မယ်၊ ဘယ်သူ မပါရင် မလုပ်ဘူး။ အဲဒီလိုဆိုတော့ ခက်ခဲတာပေါ့။ ကျွန်တော်တို့ အသင်းတွေအတွက်ရော” လို့ စေတမာန် လူမှုကူညီရေး အသင်းမှ ပါဝင် ကူညီခဲ့သူတစ်ဦးက ဆိုပါတယ်။

ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ဆောင်နေချိန် လူမှုကွန်ရက် စာမျက်နှာတွေမှာ ထင်ရှားသွားတဲ့ လူကြီး ခုနစ်ဦး သေဆုံးနေပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ် အသက်ရှင် ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း နည်းပညာ အမှားအယွင်းနဲ့ စီမံခန့်ခွဲမှု အမှားအချို့ရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့ အချို့ထံကနေ သိရပါတယ်။

“နည်းပညာပိုင်းသာတာ ကောင်းတယ်။ တိတိကျကျ မှန်မှန် မပြနိုင်ပေမဲ့ ရှိနေတာ ပိုကောင်းတယ်။ မြန်မာနိုင်ငံမှာ ရှိရင်တော့ လွယ်တာပေါ့။ ဒီနေရာမှာ ရှိတယ် အသက်ရှင်သေးတယ်ဆိုရင် အမြန်ဆုံး အဲဒီနေရာကို ရှာဖွေလို့ ရတယ်” လို့ စေတမာန် လူမှုကူညီရေး အသင်းမှ ပါဝင် ကူညီသူတစ်ဦးက ဆိုပါတယ်။

တိုက်အောက်က သေဆုံး အလောင်းတွေကို ထုတ်ရာမှာ ပြည်တွင်း လူမှုကူညီရေး အဖွဲ့တွေက ထုတ်ခဲ့ရပြီး တိုက် ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုမှာ အသက်ရှင်သူ ရှိ မရှိ စစ်ဆေးတာ၊ သေဆုံး အလောင်း ထုတ်ရာတွေမှာလည်း အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့ စေတမာန်လူမှုကူညီရေး အသင်းမှာ ပါဝင်ကူညီခဲ့သူက ဆိုပါတယ်။

အဲဒီထဲက ဖြစ်စဉ်တစ်ခုအနေနဲ့ တိုက်အောက် ပိမိနေသူ ခုနစ်ဦး သေဆုံးနေကြောင်း တရုတ် စက်ပစ္စည်းတွေနဲ့ စစ်ဆေးခဲ့ပြီး အိန္ဒိယ အဖွဲ့ စစ်ဆေးနေချိန်မှာလည်း သေဆုံးနေတယ်ဆိုပြီး သိခဲ့ပါတယ်။

အဲဒီလို စစ်ဆေးပြီး သုံးရက် လေးရက် ကြာမှ စက်ပစ္စည်းတွေနဲ့ ပြိုကျ အပိုင်းအစတွေ ဖယ်ရှားချိန်မှာ အသက် တစ်နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦး အသက်ရှင်နေတာကို သိခဲ့ရတယ်လို့ စေတမာန် လူမှုကူညီရေး အသင်းမှ ပါဝင်ကူညီသူတစ်ဦးက ဆိုပါတယ်။

“သူတို့ ပစ္စည်းတွေနဲ့လုပ်မှ ရမယ်ဆိုပြီး ပြောသွားတော့ ကျွန်တော်တို့ လူမှုရေး အသင်းတွေကို ရပ်ကွက်က ဝင်ခွင့် မပေးတော့ဘူး။ အဲဒီမှာ ကြာသွားတယ်။ ကလေးက ကံကောင်းလို့ အသက်ရှင်တာ။ သေသွားရင် ဘယ်သူ့ အပြစ်တင်ရမလဲ မသိဘူး” လို့သူက ပြောပါတယ်။

ဒါ့အပြင် ငလျင်ဘေးသင့်တဲ့ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ စင်ကာပူနိုင်ငံ ကယ်ဆယ်ရေး အဖွဲ့က ပိုးဟတ် စက်ရုပ် ၁၀ ရုပ်နဲ့ ရှာဖွေပေမဲ့ အသက်ရှင်သူကို ရှာမတွေ့ခဲ့ပါဘူး။ အဲ့ဒီလိုရှာမနေတွ့ပေမယ့် သက်ရှိ ပိုးဟတ်ပေါ်မှာ ကင်မရာ၊ အာရုံခံ ကိရိယာ တပ်ဆင်ထားတာကြောင့် ပိုးဟတ် စက်ရုပ် အဖြစ် ကယ်ဆယ်ရေး လုပ်သားတွေကို ကူညီနိုင်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာကို ကယ်ဆယ်ရေး သွားနေတဲ့သူတွေက လုပ်တတ် ကိုင်တတ်တယ်။ ကျွန်တော်တို့ထက် အများကြီး သာတာပေါ့။ ပစ္စည်း ပစ္စယ တွေကတော့ အစုံပဲ။ သုံးလို့ တည့်တာရော၊ သုံးလို့ မတည့်တာရော။ သူတို့ကတော့ အိမ် မဟုတ်ဘူးလေ။ ပြန်ယူလို့ မရတော့ အကုန် ယူလာတာပေါ့” လို့ စေတမာန် လူမှုကူညီရေး အသင်းမှ ပါဝင် ကူညီသူတစ်ဦးက ဆိုပါတယ်။

မြန်မာ့ ငလျင် အရှိန်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ရုံး စစ်ချုပ်ရုံး မိုးမျှော်တိုက် ပြိုကျရာမှာလည်း စကန်မ်ဖတ်စက်၊ ဓာတ်မှတ် ရိုက်စက်တွေနဲ့ အသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်ဆောင်ကာ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို ချက်ချင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငလျင်ဘေး အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရာမှာ အသက်ရှင်သူ ၆၅၃ ဦးနဲ့ သေဆုံးသူ ၇၈၉ ဦးတို့ကို ရှာဖွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

#နည်းပညာလောလူလော

သဘာဝဘေး၊ လူလုပ်ဘေး အန္တရာယ်မျိုးစုံ ကျရောက်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ နည်းပညာမြင့် ပစ္စည်းတွေ အပါအဝင် လူစွမ်းအား အရင်းအမြစ်တွေ လိုအပ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

စစ်တပ် အာဏာသိမ်းမှုကြောင့် အထွေထွေ အကျပ်အတည်းတွေ ဖြစ်ပေါ်ချိန်မှာ ငလျင်ကြောင့် အများပြည်သူတွေရဲ့ စိတ်ကို ထပ်မံ ဒဏ်ခတ် နှစ်မြှုပ်လိုက်ပြန်ပါတယ်။ အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် မြို့ကြီးတွေနဲ့ နယ်တွေပါ ထိခိုက်ခဲ့ရပါတယ်။

လက်ရှိ ငလျင်ဘေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အကူအညီမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိနေပြီး ခေတ်မီ နည်းပညာသုံး ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်ကြောင်းလည်း ထောက်ပြပြောကြားမှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဘေးအန္တရာယ်ကျရောက်တတ်တဲ့ နိုင်ငံဖြစ်တာကြောင့်မို့ ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူတွေအမြဲမပြတ်လေ့လာဖို့လိုနေပါတယ်လို့ ငလျင်ပညာရှင်ဖြစ်သလို NUG ဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးသူရထွန်းက အသိပေးစကားဆိုပါတယ်။

“ဂျပန်နိုင်ငံဆိုလည်း ငလျင်အများကြီးလှုပ်တတ်တယ်။ အဲ့ဒီလိုပဲမုန်တိုင်းအန္တရာယ်ရှိတဲ့ မြို့တွေရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အစိုးရကောင်းတဲ့ နိုင်ငံတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သက်သာအောင်ဘယ်လိုနေမလဲဆိုတာ အမြဲမပြတ်လေ့လာဖို့လိုနေပါတယ်။ အစိုးရ ( NUG) အနေနဲ့ အသိပေးထုတ်ပြန်တာနဲ့ တတ်နိုင်တာတွေလုပ်နေပါတယ်”လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ဒါ့အပြင် ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ရေး၊ ကာကွယ်ရေး သင်တန်းတွေ ပို့ချပေးဖို့ လိုအပ်ကြောင်း လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။

“AI ခေတ် ရောက်နေတဲ့အတွက် အချို့အရာတွေ စနစ်တကျ စီမံနိုင်သလို ဉာဏ်ရှိရင် ရှိသလို အသုံးချလို့ ရတယ်။ ကြိုတင် ပြင်ဆင်ဖို့က ငွေကြေးနဲ့ နည်းပညာ ပေါင်းစပ်ဖို့ လိုတယ်” လို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ လေ့လာ သုံးသပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံတကာမှာ သဘာဝဘေး အန္တရာယ် ကျရောက်ပါက စစ်တပ် အပါအဝင် မြို့ပြ ကယ်ဆယ်ရေး အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့၊ စေတနာဝန်ထမ်း၊ NGO တွေနဲ့ ဆေးပညာ အဖွဲ့တို့ ပူးပေါင်း ဖွဲ့စည်းထားပြီး စနစ်တကျ စီမံခန့်ခွဲကြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းထားသလို စစ်တပ်နဲ့ ရဲကို ပြည်သူတွေ မနှစ်မြို့နိုင်သလို သူတို့ကလည်း ပြည်တွင်းမှာရှိတဲ့ NGO တွေနဲ့ လူမှုကူညီရေး အဖွဲ့အစည်းတွေ အတူတကွ လုပ်ကိုင်ခဲ့တာ မရှိဘူးလို့ ငလျင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“နည်းပညာက အရေးကြီးတယ်။ လူက ကျွန်တော်တို့ဆီမှာ များတယ်။ လုပ်နိုင်တဲ့ လူ အင်အားရှိတယ်။ နည်းပညာ သင်တန်း ပို့ချပြီးတော့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းက လူတွေ သင်တန်း တက်ပြီးရင် အဖွဲ့ထဲ ပြန်သင်။ အဲဒီလို ကျွန်တော်တို့ သင်တန်း တက်ပြီးတော့ လုပ်ရမယ်ဆိုရင် ကောင်းတယ်” လို့ မန္တလေးမြို့ အခြေစိုက် စေတမာန် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက စိတ်အားထက်သန်စွာ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) မှာ မြန်မာနိုင်ငံအတွက် ငလျင်ဘေး တုံ့ပြန်ရန် နည်းလမ်း ငါးချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ လူမှု အသိုက်အဝန်းတွေရဲ့ ပါဝင်မှုနဲ့ အတူတူ ပူးပေါင်း ပြန်လည် တည်ဆောက်ခြင်း၊ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ခံနိုင်ရည်ရှိစေရန် ဘေးအန္တရာယ် လျော့ပါးစေရန် တည်ဆောက်ခြင်း အပါအဝင် နည်းပညာနဲ့ ဆန်းသစ် တီထွင်မှုကို အသုံးပြုသင့်ကြောင်း ပါဝင်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငလျင်ကြောင့် ပြန်လည် တည် ဆောက်မယ့် အဆောက်အဦတွေကို ငလျင် လှုပ်ခတ်မှု ပြင်းအား ၈ ရစ်ခ်တာစကေး ထိ ခံနိုင်အောင် တည် ဆောက်ရန် ပြောကြားလေ့ရှိပါတယ်။

တစ်ဖက်မှာလည်း အင်အားပြင်းထန်တဲ့ ငလျင် လှုပ်မှုကြောင့် မြေကြီး ပွတ်တိုက်မှု၊ ကျွံဝင်သွားမှု ရှိတဲ့အတွက် ခေတ်မီ နည်းစနစ်နဲ့ တည်ဆောက်နိုင်ခဲ့လျင်ပင် ခံနိုင်ရည် ရှိမှာမဟုတ်ဘူးလို့ ငလျင် ပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ လေးနှစ်ကျော် ကာလအတွင်း မိုခါ မုန်တိုင်း၊ ရေကြီး ရေလျှံမှု၊ ငလျင်ကြီး လှုပ်ခတ်မှု အစရှိတဲ့ သဘာဝဘေး အန္တရာယ်တွေ အပါအဝင် စစ်တပ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် ထိခိုက် ဆုံးရှုံးမှု များစွာ နစ်နာ ခံစားနေရပါတယ်။

ဆက်လက်လှုပ်ခတ်နေဆဲဖြစ်တဲ့ ငလျင်ငယ်တွေရဲ့ အန္တရာယ်အပြင် နှစ်စဉ် နှစ်တိုင်းကြုံတွေ့ ခံစားနေရတဲ့ မုန်းတိုင်းနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်ကို ရင်ဆိုင်ရတော့မယ့် မိုးရာသီကို မကြာမီ ရောက်ရှိတော့မှာဖြစ်ပါတယ်။

စစ်အာဏာရှင်လက်ထက် ၁၉၈၈ ခုနှစ်ကနေ စစ်တပ်အာဏာသိမ်းထားတဲ့ကာလတွေမှာဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကို စစ်အာဏာရှင်တွေကတာဝန်ယူကာကွယ်ပေးခြင်းမျိုးမရှိခဲ့ပါဘူး။ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ ယခုငလျင်ကြီးလှုပ်ခတ် မှုတွေမှာ ပြည်သူတွေဟာ အချင်းချင်းကူညီမှုနဲ့ပဲ စတင်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ယခင် စစ်အစိုးရအဆက်ဆက်ရဲ့ထုံးစံအတိုင်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိသလို ငလျင်ဘေးအတွက် ကြိုတင်ပြင်ခဲ့ခြင်လည်းမရှိခဲ့ပါဘူး။ ကြိုတင်ပြင်ဆင်ခြင်း မရှိသလို သဘာ၀ ဘေးအန္တရာယ်အတွက် ခွဲထားတဲ့ ဘတ်ဂျက်တွေကို စစ်အသုံးစရိတ်အဖြစ် သုံးစွဲခဲ့တယ်လို့ ငလျင်ပညာရှင် ၊ NUG ရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက အခုလို ထောက်ပြပါတယ်။

” သဘာဝဘေးအန္တရာယ်ကို ဘယ်တုန်းကမှစိတ်ဝင်မစားခဲ့ဘူး။ ဗေဒင်တွေ ယတြာတွေလုပ်တယ်။ အကြောင်းမျိုးစုံပြ လျှောက်ပြောတာများတယ်။ ကြိုတင်ပြင်ဆင်ရေးအလေးမထားခဲ့တာထင်ရှားတယ်။ ကယ်ဆယ်ရေးလုပ်ပြီး လူ့အသက်တွေကို ကယ်တင်ရမဲ့အစား ဘေးအန္တရာယ်အတွက်ထားတဲ့ ဘတ်ဂျက်ကို စစ်အောင်နိုင်ရေးအတွက်အသုံးပြုနေတာ လက်တွေ့မြင်ရပါတယ်”

#ငလျင်အက်ကြောင်းများ #နည်းပညာမဲ့ #ကယ်ဆယ်ရေးမျက်ရည်များ #ဟန်နွေသစ် #သတင်းဆောင်းပါး #Ayeyarwaddy_Tim