ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၄ ရက်

တနင်္သာရီတိုင်း ၊လောင်းလုံးမြို့ပေါ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကို ထားဝယ်ခရိုင် တပ်ပေါင်းစု နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး အပြင်း အထန် ဒဏ်ရာရရှိကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစု နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လောင်းလုံးမြို့ပေါ် ရှိ အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စရဖရုံးကို မေ ၂၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“အဲဒီ စစ်ကောင်စီ လက်အောက်ခံ စရဖ ရုံးမှာက အင်အား ၃၀ လောက်ရှိတယ်။ ပျူတွေများတယ်ပေါ့။ အဲ့ဒါ ကိုဝင်ပစ်တာပါ “ဟု ဒေါနတပ်ခွဲ – ၇ (LPF) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Leo က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်း တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှ နှစ် ဦးသေဆုံးကာ လေး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစု ၊ နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်အဖွဲ့ ၊ကျောင်းသားတော်လှန်ရေးအဖွဲ့ နှင့် ဒေါနတပ်ခွဲ (၇)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ထားဝယ်ခရိုင်တပ်ပေါင်းစု
#လောင်းလုံးမြို့ #စရဖရုံး #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲဝင် #၂ဦးသေ #၄ဦးဒဏ်ရာရ #Ayeyarwaddy_Times